ချင်းပြည်နယ်၊ ကန်ပက်လက်နယ်တွင် ၂၀၂၁ ခုနှစ် မေလ (၃၀) ရက်နေ့ နံနက်ပိုင်းမှစ၍ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး ည (၉)နာရီဝန်းကျင်အထိ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်ချက်အရ သိရသည်။
မေလ (၂၉) ရက်နေ့ နေ့လယ်ပိုင်း၌ မကွေးတိုင်းဒေသကြီး ဆောမြို့နယ်ဘက်မှ တက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ် အင်အား (၁၅၀) ခန့်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF တို့ ကန်ပက်လက်နယ် ခွဲလုံသာရွာနှင့် မကြားရွာတို့၌ တိုက်ပွဲစတင်ခဲ့ကြခြင်းဖြစ်ပြီး မေလ (၃၀) ရက်နေ့တွင်လည်း ဆက်လက်ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရသည်။
မေလ (၃၀) ရက်နေ့တွင် စစ်ကောင်စီတပ်များက ဧစခန်းရွာအထိ ဝင်ရောက်တပ်စွဲရာ ရွာခံများနှင့်လည်း ပစ်ခတ်မှုများရှိခဲ့သည်ဟု သိရသည်။
ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ယနေ့ညအချိန်ထိ စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူများလည်းရှိနေပြီး CDF ဘက်မှ (၁၀) ဦးဒဏ်ရာရထားသည်ဟု သိရသည်။