အာဏာသိမ်းစစ်ကောင်စီတပ်ကြောင့် တောထဲကာလရှည် တိမ်းရှောင်နေရသည့် တန့်ဆည်မြို့နယ် ကပေါင်းကျရွာဒေသခံများ စားနပ်ရိက္ခာ အကူအညီလိုနေ

အာဏာသိမ်းစစ်ကောင်စီတပ်ကြောင့် တောထဲကာလရှည် တိမ်းရှောင်နေရသည့် တန့်ဆည်မြို့နယ် ကပေါင်းကျရွာဒေသခံများ စားနပ်ရိက္ခာ အကူအညီလိုနေ
မေ 30, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာကို အာဏာသိမ်းစစ်တပ်က မကြာခဏ ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်နေသဖြင့် နာမကျန်းသူများမှလွဲ၍ ဒေသခံများမှာ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး ၂၀၂၁ ခုနှစ် မေလ (၃၀) ရက်နေ့အထိ ကျေးရွာသို့ မပြန်ရဲသေးဘဲ စားနပ်ရိက္ခာအကူအညီလိုသူများလည်း ရှိနေသည်ဟု သိရသည်။



အဓိကလိုတာက အစားအသောက်ပါ။ မနေ့ကဆို အကုန်ထွက်ပြေးရချိန် မိုးတွေကရွာ။ ကလေး လူကြီးအကုန်ပေးနေရပါတယ်။ လေဖြတ်နေသူတွေလောက်ပဲ ထားခဲ့ရတာ။ တန့်ဆည်မြို့နယ်မှာ ကပေါင်းကျတစ်ရွာပဲ အလူးအလဲခံနေရတာ လနဲ့ချီနေပါပြီ။ ကူညီပေးကြပါလို့ တောင်းဆိုပါရစေ။ အခုက ၆ ကြိမ်မြောက်အမွှေခံရတာ။ ဒီတစ်ခါက အဆိုးဆုံးပါ။ အကုန်ဖျက်ဆီးသွားတယ်။ ၇ ကြိမ်မြောက်ဆို ကုန်းကောက်စရာတောင် မရှိတော့ပါဘူး

ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



အာဏာသိမ်းစစ်ကောင်စီတပ်နှင့်ရဲအဖွဲ့က မေလ (၂၉) ရက်နေ့တွင် ကပေါင်းကျကျေးရွာသို့ ရောက်လာသဖြင့် ဒေသခံများမှာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ကြရပြီး စစ်ကောင်စီတပ်နှင့်ရဲအဖွဲ့က အိမ် (၁၁) လုံးတွင် မွှေနှောက်ရှာဖွေမှုများ လုပ်ဆောင်စဉ် ပစ္စည်းများကိုလည်း ဖျက်ဆီးထားသည်ကို တွေ့ရကြောင်း သိရသည်။



အာဏာသိမ်းစစ်ကောင်စီတပ်နှင့်ရဲအဖွဲ့က ကျေးရွာကို လာရောက်ရှာဖွေမှုအတွင်း ဖမ်းဆီးခံရသူအချို့မှာ ပြန်လွတ်လာသော်လည်း အမျိုးသား (၁) ဦးမှာ အမျိုးသမီး (၁) ဦးမှာ လက်ရှိအချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း သိရသည်။



ယင်းကဲ့သို့ မကြာခဏ လာရောက်ရှာဖွေနေသဖြင့် ကျေးရွာအတွင်းရှိ အိမ်ခြေ (၇၀၀) ဝန်းကျင်မှ မိသားစုများမှာ တောထဲတောင်ထဲအထိ တိမ်းရှောင်နေကြရသည်ဟု သိရသည်။