တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်များ ဝင်ရောက်ရှာဖွေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

 တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်များ ဝင်ရောက်ရှာဖွေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
မေ 29, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်းရှိ ကာပေါင်းကျကျေးရွာတွင် ၂၀၂၁ ခုနှစ် မေလ (၂၉) ရက်နေ့၌ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့က စစ်ကား (၆)စီးဖြင့် ရောက်လာကာ ဒေသခံများတိမ်းရှောင်နေသည့် တောထဲအထိ လိုက်လံရှာဖွေဖမ်းဆီးရာ လူ (၃)ဦးကို ဖမ်းဆီးခံရကြောင်းသိရသည်။



ကာပေါင်းကျကျေးရွာမှ ဖမ်းဆီးခံရသူ (၃) ဦးတွင် လေဖြတ်နေသူ (၁) ဦးလည်းပါဝင်သည်ဟုသိရပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည့် တောထဲအထိ လိုက်လံဖမ်းဆီးသည်ဟု သိရသည်။



ကာပေါင်းကျကျေးရွာတွင်းသို့ မေလ (၂၉) ရက်နေ့က အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ ဝင်လာသည်ကိုတွေ့ရသဖြင့် ဒေသခံများက တောထဲထွက်ပြေးတိမ်းရှောင်ကြရခြင်းဖြစ်ပြီး အဆိုပါကျေးရွာသို့ အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များ လာရောက်ရှာဖွေမှုမှာ (၆) ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။



အဆိုပါကျေးရွာမှ စစ်ကောင်စီသတင်းပေးကို ဒေသခံများက သတ်သည်ဟုဆိုကာ မကြာခဏ လာရောက်ရှာဖွေဖမ်းဆီးမှုများလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။



ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီက ၅၀၅ ကဖြင့် အမှုဖွင့်ထားရသည့် တန့်ဆည်မြို့နယ်ထွေအုပ်ရုံးမှ CDM ဝန်ထမ်း၏ တန့်ဆည်မြို့ရှိနေအိမ်ကိုလည်း ယနေ့တွင် ဝင်ရောက်ရှာဖွေမှုလုပ်ကြောင်း သိရသည်။



#TachileikNewsAgency

Photo: CJ