မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာရန်နှင့် ခရီးမသွားကြရန် သံရုံးသတိပေး
အမေရိကန်နိုင်ငံသားများအနေဖြင့် လတ်တလော မြန်မာနိုင်ငံ၏ အခြေအနေများအရ သွားလာခြင်းမပြုရန်နှင့် လက်ရှိနေထိုင်သူများ အမြန်ဆုံးထွက်ခွာကြရန် ခရီးသွားလာမှုဆိုင်ရာ အမြင့်ဆုံးသတိပေးမှုအဖြစ် ၂၀၂၁ ခုနှစ် မေလ (၁၈) ရက်နေ့တွင် ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေါက်ကွဲမှုများအပါအဝင် လုံခြုံရေးအခြေအနေများအရ အသက်အန္တရာယ် ခြိမ်းခြောက်ခံရသည့် အခြေအနေများရှိနေသဖြင့် အရေးပေါ်အခြေအနေကြုံလာပါက အမေရိကန်သံရုံးကို အမြန်ဆုံး ဆက်သွယ်အကူအညီတောင်းကြရန် ၎င်းတို့၏နိုင်ငံသားများကို သတိပေးထားသည်ကို တွေ့ရသည်။
ယင်းအပြင် လမ်းတွင် ဖုန်းများ၊ ကွန်ပျူတာများအား စစ်ဆေးခြင်းများအပါအဝင် စစ်ဆေးမှုများရှိနေကြောင်းကိုလည်း သတိပေးထားပြီး ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်း၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အချိန်များကိုလည်း သတိထားကြရန် သံရုံးက ၎င်း၏နိုင်ငံသားများကို သတိပေးထားသည်။