ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးများမှ CDM လုပ်ဆောင်နေသည့် ညွှန်ကြားရေးမှူးအပါအဝင် အရာရှိ (၇) ဦးကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ် မေလ (၁၇) ရက်နေ့ နေ့စွဲဖြင့် အလုပ်တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ပညာရေးဝန်ထမ်း အမျိုးသမီး (၄) ဦးနှင့် အမျိုးသား (၃)ဦးတို့မှ အချို့ကို အာဏာသိမ်းစစ်ကောင်စီက ရာထူးတိုးပေးမည်ဟုကမ်းလှမ်းသည်ကို လက်မခံဘဲ ရာထူးမှ နှုတ်ထွက်လိုက်ကြခြင်းဖြစ်သည်ဟု သိရသည်။
အလားတူ တစ်နိုင်ငံလုံး အခြေခံပညာကျောင်းများမှ CDM လုပ်နေသည့် သင်ကြား၊ စီမံ ဝန်ထမ်းဦးရေ (၁) သိန်းကိုလည်း အာဏာသိမ်းစစ်ကောင်စီက တာဝန်မှ ယာယီရပ်ဆိုင်းသည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီသည် စစ်အာဏာသိမ်းမှုကို လက်မခံ၍ CDM လုပ်နေသည့် ပညာရေးဝန်ထမ်းများအား အလုပ်မှထုတ်ခြင်း၊ အမှုဖွင့်တရားစွဲဆိုခြင်း၊ လိုက်လံဖမ်းဆီးခြင်းများ လုပ်ဆောင်နေပြီး တစ်ပြိုင်တည်းမှာပင် ကျောင်းများပြန်ဖွင့်မည်ဟုလည်း ကြေညာနေခြင်းဖြစ်သည်။