နိုင်ငံ့အာဏာသိမ်းခံထားရသည့် ကာလအတွင်း လွိုင်ကော်မြို့၏ အထင်ကရ မြို့နာမ်စေတီ စိန်ဖူးတော် မြေခ

နိုင်ငံ့အာဏာသိမ်းခံထားရသည့် ကာလအတွင်း လွိုင်ကော်မြို့၏ အထင်ကရ မြို့နာမ်စေတီ စိန်ဖူးတော် မြေခ
မေ 15, 2021 | ကယား

အလောင်းမင်းတရား ယိုးဒယားကို စစ်ချီစဉ်က တည်ထားခဲ့သည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့လယ်မှ အထင်ကရ မြို့နာမ်စေတီတော်၏ စိန်ဖူးတော် မြေခသွားကြောင်း သိရသည်။

 

မြို့နာမ်စေတီ စိန်ဖူးတော်မြေခသွားကြောင်းကို မြို့နာမ်စေတီ သြဝါဒါဆရာတော်ကိုးပါးထံ တင်လျှောက်ခြင်းအား၂၀၂၁ ခုနှစ်၊ မေလ (၁၄) ရက်နေ့က အခမ်းအနားဖြင့် ပြုလုပ်ခဲ့ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦး၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

မြို့နာမ်စေတီတော်၏ စိန်ဖူးတော်မြေခခဲ့သော နေ့ရက်နှင့် အကြောင်းအရာများကို သက်ဆိုင်သူများထံမေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ဘဲ အဆိုပါ ဘုရားအနီးနေထိုင်သော ဒေသခံများ၏ ပြောပြချက်များအရ ဧပြီလ (၃၀) ရက်နေ့ညက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။

ငလျင်လှုပ်တဲ့နေ့ကတည်းက မြေခသွားတယ် ထင်တယ်။ အဲဒီနေ့ကသွားကြည့်တာ စိန်ဖူးတော်တကယ် မတွေ့တော့ဘူးဗျ။ စိန်ဖူးတော်မတွေ့တော့ဘဲ အောက်ကခံတဲ့ ကြာခွက်ပဲတွေ့တယ်။ ကျွန်တော် ကားနဲ့ပတ်ကြည့်ခဲ့တာ။ အထဲထိဝင်ကည့်မလို့ဘဲ ပိတ်ထားတာရယ် အဲဒီမှာက စစ်သားနဲ့ရဲတွေ အမြဲ ရှိနေတာမို့ မဝင်ခဲ့လိုက်ရဘူး။ စိန်ဖူးတော်က အပြင်ကနေလည်း ဖူးလို့ရတယ် မြင်နေရတယ်။ အဲဒီနေ့ကတည်းက မြေခ သွားတယ်လို့ပဲ ထင်တယ်

ဟု လွိုင်ကော်မြို့ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။

မြို့နာမ်စေတီတော်ရှေ့ လမ်းတွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့က စစ်ဆေးရေးဂိတ်လုပ်၍ နေ့စဉ်စောင့်ကြည့်နေမှုများကြောင့် ဒေသခံများအနေဖြင့် ဘုရားဖူးသွားရန် ခက်ခဲကြောင်း သိရသည်။

မြို့နာမ်စေတီတော်ကြီးမှာ အလောင်းမင်းတရား ဦးအောင်ဇေယျ ယိုးဒယားသို့ စစ်ချီသွားစဥ် ရှေးယခင်အခေါ် သီရိဒေါအရပ် ယခု လွိုင်ကော်မြို့သို့ရောက်စဥ် တည်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုကြပြီး ဘုရားဖူးအများအပြား လာရောက်ဖူးမြော်လေ့ရှိသည့် အထင်ကရစေတီဖြစ်သည်။

Photo- U Myint Thein