ဗန်းမော် ကက်သလစ်ဘုန်းတော်ကြီးကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထား

ဗန်းမော် ကက်သလစ်ဘုန်းတော်ကြီးကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထား
မေ 14, 2021

ကချင်ပြည်နယ်၊ ဗန်းမော်သာသနာမှ ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးဖြစ်သည့်  Fr.Columban La Di ကို CDM  Support လုပ်သည်ဟု ဆိုကာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲအဖွဲ့က ၂၀၂၁ ခုနှစ် မေလ (၁၃) ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး  အဆက်အသွယ်မရသေးကြောင်း သိရသည်။

ဘုန်းတော်ကြီးအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးသည့်အပြင် ဖမ်းဆီးရသည့် အသေးစိတ်အကြောင်းအရာများကို မသိရသေးကြောင်း သိရသည်။

"ဖမ်းသွားတာက မနေ့က ညနေပိုင်းမှာ၊ ဗန်းမော်မြို့ပြင်က ဂိတ်တစ်ခုမှာ စစ်ပြီး ဖမ်းသွားတာ။ ဘယ်ကိုခေါ်သွားထားမှန်းတော့ မသိရသေးဘူးလို့ ပြောတယ်။ စုံစမ်းနေဆဲတဲ့"ဟု  ကက်သလစ်ရဟန်းတစ်ပါးက  တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁၄)ရက်နေ့ ညပိုင်းတွင် ပြောသည်။

ယင်းသို့ ဖမ်းဆီးမှုမှာ အာဏာသိမ်းစစ်ကောင်စီက ကက်သလစ်သာသနာနယ်မှ ဘုန်းတော်ကြီးတစ်ပါးအား ပထမဆုံးအကြိမ် ဖမ်းဆီးခြင်းဖြစ်သည်။