မြန်မာနိုင်ငံလုံးဆိုင်ရာ သူနာပြု-သားဖွားသင်တန်းကျောင်း (၃၇)ကျောင်းမှ ကျောင်းသားထု၏ ထောက်ခံမှုဖြင့် ဖွဲ့စည်းထားသည့် သူနာပြုသင်တန်းကျောင်းများကိုယ်စားအပြုကော်မတီ ( Committee Representing Nursing Training School )က မြန်မာနိုင်ငံသူနာပြု-သားဖွားသင်တန်းကျောင်းများ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ( Students' Union League for Myanmar Nursing and Midwifery Training Schools)ကို ဖွဲ့စည်းပြီးကြောင်း ၂၀၂၁ခုနှစ် မေလ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။
အဆိုပါသမဂ္ဂအဖွဲ့ချုပ်အနေဖြင့် မြန်မာ့ဒီမိုကရေစီပညာရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းမည်ဖြစ်ပြီး နိုင်ငံ့အနာဂတ်နှင့်ပြည်သူ့အနာဂတ်အကျိုးပြုပြီး အမှန်တရားဘက် ရပ်တည်သော အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် သမဂ္ဂအဖွဲ့အစည်းများနှင့်အတူ ရပ်တည်ကာ လက်တွဲပူးပေါင်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
သမဂ္ဂအဖွဲ့ချုပ် ဖွဲ့စည်းရာတွင် ရှမ်းပြည်နယ်အတွင်းမှ ကျိုင်းတုံသူနာပြု-သားဖွားသင်တန်းကျောင်း ကျောင်းသားသမဂ္ဂ၊ တောင်ကြီး သူနာပြုသင်တန်းကျောင်း ကျောင်းသား သမဂ္ဂ၊ တောင်ကြီး သားဖွားသင်တန်းကျောင်း ကျောင်းသား သမဂ္ဂ နှင့် လားရှိုး သူနာပြုသင်တန်းကျောင်း ကျောင်းသား သမဂ္ဂတို့လည်း ပါဝင်သည်။