စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားရှိပြီး ကျောင်းသားသမဂ္ဂဖွဲ့ခွင့်မရှိသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ပညာရေးဘွဲ့(၅)နှစ်သင်တန်း၏ နောက်ဆုံးနှစ် (အပတ်စဉ်-၄)တွင် စစ်တပ်မှ နိုင်ငံ့အာဏာထားမှုကို လက်မခံနိုင်၍ ကျောင်းမတက်ဘဲ CDM လုပ်ဆောင်လိုက်သည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၄)ဦး ရှိကြောင်း သိရသည်။
အခြား တက္ကသိုလ်များထက် ပြည်သူ့ဘဏ္ဍာအသုံးစရိတ်သုံးစွဲမှုများပြားသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)တွင် ပြည်သူ့ဘက်က မရပ်တည်ဘဲ စစ်အာဏာရှင်ကို အားပေးကာ ကျောင်းတက်နေသူများမှာ CDM လုပ်ဆောင်ထားသည့် ကျောင်းသား၊ ကျောင်းသူများထက် အရေအတွက်များနေသည်မှာ စုစုပေါင်း (၂၆၈)ဦးရှိနေကြောင်း သိရသည်။
စစ်ကိုင်းပညာရေး တက္ကသိုလ် CDM အောင်မြင်ပေမယ့်၊ UDNR က CDM နည်းတော့ ကျောင်းသား/သူတွေ ဒုက္ခရောက်နေကြရတယ်။ အကြောင်းရင်းက နယ်စပ်ဒေသလက်အောက်က ကျောင်းမို့ အကယ်လို့များ ကျောင်းထုတ်ခံရရင်ရော NUG အနေနဲ့ ကျွန်တော်တို့ပညာရေးအတွက် ဘယ်လို အစီစဉ်မျိုး စီစဉ်ပေးနိုင်မှာလဲ။ တက်ရောက်နေတဲ့ သူတွေကိုလည်း ပြောချင်တာက သွေးချင်းတို့ ဆုံရာမြေဆိုပေမဲ့ ငါ့တို့တွေ သွေးမစည်းကြဘူး၊ နောင်လာမဲ့ ညီငယ် ညီမငယ်တွေကိုကော ဘယ်ဖိအားမျိုးတွေနဲ့၊ ကျောင်းတက်ဖို့လုပ်ကြမလဲဆိုတာတွေးမိကြရလား။
ဟု CDM လုပ်ဆောင်ထားသည့် ကျောင်းသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၈)ရက်နေ့တွင် ပြောသည်။
CDM လုပ်ဆောင်ထားသည့် ကျောင်းသားကျောင်းသူ (၃၄)ဦးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ်အတွင်းအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှလည်း အပါအဝင်ဖြစ်ရာတွင် ကယားပြည်နယ်မှ အများဆုံးပါဝင်ကာ CDM လုပ်ဆောင်ခြင်း ဖြစ်သည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သည် စစ်တပ်က ကိုင်တွယ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည်။