စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း ဖမ်းဆီး၊ ပျောက်ဆုံး၊ ကျဆုံးသူများ၏ အချက်အလက်များကို AAPP ထံ ဆက်သွယ် သတင်းပေးပို့နိုင်

စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း ဖမ်းဆီး၊ ပျောက်ဆုံး၊ ကျဆုံးသူများ၏ အချက်အလက်များကို AAPP ထံ ဆက်သွယ် သတင်းပေးပို့နိုင်
ဧပြီ 29, 2021

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို တော်လှန်နေသည့် နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံရခြင်း၊ ပျောက်ဆုံးခြင်းနှင့် ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက မည်သူမဆို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ထံ ဆက်သွယ်၍ အသိပေးအကြောင်းကြားနိုင်ရန် ထုတ်ပြန်ထားသည်။

သတင်းအချက်အလက် ပေးပို့လိုသူများအနေဖြင့် [email protected] သို့ mail ပေးပို့ခြင်းဖြင့်လည်းကောင်း ၊ signal နံပါတ် +66821757987 သို့ ဆက်သွယ်ပေးပို့ခြင်းဖြင့်လည်းကောင်း၊ တွစ်တာမှ ဆက်သွယ်လိုသူများ https://twitter.com/aapp_burma မှလည်းကောင်း၊ ဖေ့ဘွတ်မှဆက်သွယ်လိုသူများ https://web.facebook.com/burmapoliticalprisoners/ သို့လည်းကောင်း ဆက်သွယ်ပေးပို့နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်မှုများကို အာဏာသိမ်းအဖွဲ့က လက်နက်ကိုင်အဖွဲ့များဖြစ်သည့် စစ်တပ်နှင့်ရဲအဖွဲ့တို့ကို အသုံးပြု၍ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများလုပ်ဆောင်လာသည့်အတွက် ပြည်သူများက ခုခံတွန်းလှန်နေကြရခြင်းဖြစ်ပြီး အာဏာသိမ်းအဖွဲ့က အကြမ်းဖက်ဖြိုခွင်းမှုများအတွင်း  ကျဆုံးရသူများအား သယ်ဆောင်သွားပြီးနောက် ရုပ်အလောင်းပြန်မရတော့ခြင်း၊ ဖမ်းဆီးခံရပြီး အဆက်အသွယ်မရတော့ခြင်းများ ကြုံတွေ့နေရခြင်းဖြစ်သည်။

ယင်းအပြင် ရပ်ကွက်များအတွင်း လိုက်လံအကြမ်းဖက်ဖမ်းဆီးမှုများအတွင်း ဖမ်းဆီးခံရပြီး မိသားစုနှင့် အဆက်အသွယ်မရတော့သူများလည်း ရှိနေသဖြင့်  တော်လှန်ရေးအတွင်း ပျောက်ဆုံး၊ ကျဆုံးရသူများ၏ အချက်အလက်များကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က စာရင်းကောက်ယူ မှတ်တမ်းတင်ခြင်းကို ပြုလုပ်နေခြင်းဖြစ်သည်။

AAPP က လက်ရှိအချိန်ထိကောက်ခံရရှိထားသည့် မှတ်တမ်းများအရ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှ ဧပြီလ (၂၈) ရက်နေ့အထိ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၇၅၆) ဦး ရှိခဲ့ပြီဖြစ်ပြီး  ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၃,၄၄၉) ဦးရှိပြီဖြစ်သည်။

အဆိုပါ အရေအတွက်စာရင်းမှာ စာရင်းရရှိထားသည့်အရေအတွက်သာဖြစ်ပြီး နိုင်ငံတဝန်း အင်တာနက်လိုင်းများ ဖြတ်တောက်ခံရမှုကြောင့် စာရင်းမရရှိသေးသည့် အရေအတွက်များလည်း ကျန်နေနိုင်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်များက FTTH ဖိုင်ဘာအင်တာနက်လိုင်းကို (၇၂) ညတိုင်အောင် နံနက် (၁) နာရီမှ (၉) နာရီအထိ  ဖြတ်တောက်ထားပြီးနောက် ဧပြီလ (၂၇) ရက်နေ့တွင် ပြန်ဖွင့်လာသော်လည်း  အခြားသော အင်တာနက်ဝန်ဆောင်မှုများအားလုံးကို ဖြတ်တောက် ထားပြီး သတင်းစီးဆင်းမှုကို ဆက်လက် ကန့်သတ် ချုပ်ကိုင်ထားဆဲဖြစ်သည်။