ထိုင်းနယ်စပ်ရှိ KNU တပ်မဟာ (၅) နယ်မြေမှ စစ်ကောင်စီတပ်၏ သော်လဲထတပ်စခန်းကို ၂၀၂၁ ခုနှစ် ဧပြီလ (၂၇) ရက်နေ့ နံနက်အစောပိုင်းတွင် KNU က သိမ်းပိုက်လိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်က နေ့လည်ပိုင်းတွင် KNU တပ်မဟာ ၅ နယ်မြေအတွင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး အထိအခိုက်မသိရသေးကြောင်း Karen Peace Support Network မှ သိရသည်။
နယ်စပ်သံလွင်မြစ်ကမ်းရှိ အာဏာသိမ်းစစ်တပ်၏ တပ်စခန်းက သံလွင်မြစ်တွင်း သွားလာနေသည့် စစ်ဘေးရှောင်များအတွက် ရိက္ခာသယ်ယာဉ်များအပါအဝင် ရေယာဉ်များကို ပစ်ခတ်မှုများပြုလုပ်နေရာ ပြီးခဲ့သည့် တစ်ပတ်အတွင်းက ထိုင်းနယ်စပ်ကင်းလှည့်ရေယာဉ်ကိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါတပ်စခန်းအား KNU က ယနေ့နံနက်ပိုင်းတွင် သိမ်းလိုက်ခြင်းဖြစ်သည်။
သော်လဲထတပ်စခန်းကို KNU က သိမ်းလိုက်ချိန်တွင် အာဏာသိမ်းစစ်တပ်က လေကြောင်းမှတိုက်ခိုက်မှုများရှိလာမည်ဟု ခန့်မှန်းထားကြသဖြင့် ထိုင်းနယ်စပ်ရှိ ကျေးရွာ (၂)ရွာမှ ဒေသခံ (၃၀၀) ဝန်းကျင်ကလည်း တိမ်းရှောင်သွားကြပြီဖြစ်သော်လည်း နယ်စပ်ရှိ KNU တပ်မဟာ (၅) နယ်မြေတွင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများမှ တိမ်းရှောင်နေရသည့် အရပ်သားများရှိနေခြင်းဖြစ်သည်။
အာဏာသိမ်းစစ်တပ်က KNU တပ်မဟာ ၅ နယ်မြေကို မတ်လ (၂၇) ရက်နေ့ကတည်းက လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးနေရသည့် အဆိုပါ စစ်ဘေးရှောင်အရပ်သားများကို ထိုင်းဘက်က လက်မခံ၍ နယ်စပ်တလျှောက်တောတောင်များတွင် ခိုအောင်းနေကြရခြင်းဖြစ်သည်။