ကျိုင်းတုံဆေးရုံမှ ဆရာဝန်(၆)ဦးကို အာဏာသိမ်းအဖွဲ့က ပုဒ်မ ၅၀၅-က ဖြင့် ထပ်မံ အမှုဖွင့်

ကျိုင်းတုံဆေးရုံမှ ဆရာဝန်(၆)ဦးကို အာဏာသိမ်းအဖွဲ့က ပုဒ်မ ၅၀၅-က ဖြင့် ထပ်မံ အမှုဖွင့်
ဧပြီ 25, 2021

အာဏာသိမ်းစစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားသည့် ဆရာဝန်(၂၀)ဦးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး(ကျိုင်းတုံ)မှ ဆရာဝန် (၆)ဦး ထပ်မံပါဝင်ကြောင်း ဧပြီလ(၂၅)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ထားသည်။

အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး(ကျိုင်းတုံ) မှ အထူးကုဆရာဝန် ဒေါက်တာစိုင်းဝန်းဖန်းဆိုင် နှင့် လက်ထောက်ဆရာဝန်များဖြစ်သည့် ဒေါက်တာမိုးဇော်လတ်၊ ဒေါက်တာသိန်းသိန်းနွယ်၊ ဒေါက်တာခိုင်ဇာယုရှိန်၊ ဒေါက်တာသိုက်ထွန်းအောင် နှင့် ဒေါက်တာငြိမ်းဝေထွန်းတို့ကို ရာဇသတ်ကြီး ပုဒ်မ  ၅၀၅-က ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

ဧပြီလ(၂၄)ရက်နေ့ကလည်း အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး(ကျိုင်းတုံ) မှ အထူးကုဆရာဝန် ဒေါက်တာတင်ထွန်းဦး နှင့် ဒေါက်တာအိအိကို တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ထားသည့်အတွက် အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး(ကျိုင်းတုံ) မှ ၅၀၅-ကဖြင့် အမှုဖွင့်ခံထားရသူ စုစုပေါင်းမှာ ဧပြီလ(၂၅)ရက်နေ့အထိ (၈)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ CDM လုပ်ဆောင်နေသည့် ဆေးရုံအုပ်ကြီး "ဒေါက်တာခင်ကျော် နှင့် ဆရာဝန်၊သူနာပြု၊ ဝန်ထမ်းများ"အား ၂၀၂၁ခုနှစ် ဧပြီလ(၁၄)ရက်နေ့က တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေးက တရားလိုပြုလုပ်ပြီး ဒုရဲမှူးကျော်သက်ဦးက အမှုစစ်အဖြစ် ဆောင်ရွက်ကာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၈၃/၂၀၂၁ ရာဇသတ်ကြီး ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်းလည်း သိရသည်။ 

 

ပြည်သူ့ဘက်က ရပ်တည်ကာ စစ်အာဏာရှင်၏ အာဏာဖြင့်စေခိုင်းမှုကို ဖီဆန်ပြီး CDM လုပ်ဆောင်မှုကြောင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ဆရာဝန်များကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်းကို ၂၀၂၁ခုနှစ်ဧပြီလ(၁၃)ရက်နေ့ ညပိုင်းကစ၍ သတင်းထုတ်ပြန်နေရာ ဧပြီလ(၂၅)ရက်နေ့ ညပိုင်းအထိ အမှုဖွင့်ခံထားရသည့် ဆရာဝန် (၂၆၀)ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။