မုံရွာမြို့တွင် ကိုဝေမိုးနိုင်ကို စစ်အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက ကားဖြင့်တိုက်၍ ဖမ်းဆီး

မုံရွာမြို့တွင် ကိုဝေမိုးနိုင်ကို စစ်အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက ကားဖြင့်တိုက်၍ ဖမ်းဆီး
ဧပြီ 15, 2021

 စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး အစဉ်တစိုက်လုပ်နေသည့် လူငယ်တစ်ဦးဖြစ်သည့် ကိုဝေမိုးနိုင် စီးနင်းလာသည့်ဆိုင်ကယ်ကို စစ်အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက  ၂၀၂၁ ခုနှစ် ဧပြီလ (၁၅) ရက်နေ့ နေ့လယ် (၂)နာရီဝန်းကျင်က ကားဖြင့်ဝင်တိုက်ပြီး ဖမ်းဆီးသွားကြောင်း သိရသည်။

"ညီလေး ဝေမိုးနိုင်ပါသွားပြီ။ စစ်အုပ်စုက သူ့ဆိုင်ကယ်ကို အိမ်စီးကားနဲ့ဝင်တိုက်ပြီး ဖမ်းဆီးသွားတယ်။"ဟု မုံရွာမြို့သပိတ်မှ လူငယ်တစ်ဦးက ရေးသားထားသည်။

ဆိုင်ကယ်စီးနင်းလာသည့် ကိုဝေမိုးနိုင်ကို ပင်မသပိတ်စတင်ထွက်ခွာသည့်နေရာဖြစ်သည့် သာစည်လမ်း၊ ယင်းမာမြိုင်လမ်းထိပ်အနီး၌ စစ်အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်အဖွဲ့ စစ်တပ်က အိမ်စီးကားဖြင့်တိုက်၍ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။