ရန်ကုန်မြို့ လမ်းမတော် (၇)လမ်းတွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ရဲအဖွဲ့များက ၂၀၂၁ ခုနှစ် ဧပြီလ (၈) ရက်နေ့ ည (၉) နာရီဝန်းကျင်တွင် ဝင်စီးပြီး အရပ်သား (၉) ဦးကို ဖမ်းဆီးသွားသည်ဟု မျက်မြင်တွေ့သူများထံမှ သိရသည်။
လမ်းမတော် (၇) လမ်းတွင် သပိတ်ပြုလုပ်သဖြင့် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ရပ်ကွက်နေသူအချို့က ဆိုကြပြီး အဆိုပါလမ်းအား ဝင်မစီးမီ ကားတန်းကို မော်တင်လမ်းထိပ်တွင် ရပ်ထားသည်ကို တွေ့ရကြောင်း သိရသည်။
ယင်းနောက် ရပ်ကွက်ကို မီးဖြတ်လိုက်ပြီးနောက် တိုက်များပေါ်အထိတက်ရောက်ကာ အကြမ်းဖက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုထံမှ သိရသည်။
"လက်ကို ကြိုးတုပ်ပြီး ဖမ်းသွားတာပါ။ ပါးနားတွေလည်း ရိုက်တယ် "ဟု အဖမ်းခံရသူတစ်ဦး၏ မိသားစုထံမှ သိရသည်။
စစ်ကောင်စီ၏ တပ်ဖွဲ့များက လူများဖမ်းဆီးသည့်အပြင် ပစ္စည်းများကို သိမ်းယူသွားရာ ဖမ်းဆီးခံရသူတစ်ဦး၏နေအိမ်မှ ပြိုင်ဘီးစက်ဘီး (၂) စီးလည်း ပါသွားကြောင်း သိရသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသမီးများလည်း ပါဝင်သည်ဟု သိရပြီး စာရင်းအသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။
#TachileikNewsAgency