မြန်မာနိုင်ငံအတွင်း ပြည်သူများအနေဖြင့် PSI ထိုင်းဂြိုလ်တုစလောင်းများကို အသုံးပြုကာ MIZZIMA နှင့် DVB ရုပ်သံလိုင်းများ ကြည်ရှု့နေ၍ အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက ယနေ့ ၂၀၂၁ခုနှစ် ဧပြီလ(၈)ရက်နေ့တွင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်အများအပြားတွင် PSI ထိုင်းဂြိုလ်တုစလောင်း ရောင်းချသည့် ဆိုင်များကို လိုက်လံစစ်ဆေး သိမ်းဆည်းနေသည့်အတွက် PSI ကုမ္ပဏီက MIZZIMA နှင့် DVB ရုပ်သံလိုင်း (၂)လိုင်းကို ယနေ့ ညနေပိုင်းမှာပင် ဖြုတ်ချပေးလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ PSI Corporation ကုမ္ပဏီအနေဖြင့် ပြည်သူများ ဝယ်ယူထားသည့် PSI စလောင်းများကို ယခုလို ထပ်မံလိုက်လံသိမ်းဆည်းခြင်း မခံရရန်အတွက် အဆိုပါ ရုပ်သံလိုင်း(၂)ခုကို ဖြုတ်ချပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း၌ ပြည်သူများ သတင်းအချက်အလက် စီးဆင်းမှု၊ ပွင့်လင်းမြင်သာမှု မရှိစေရန် အင်တာနက်လိုင်းများကို အချိန်ပိုင်း အကန့်သတ်များဖြင့် အသုံးပြုခွင့်သာ ပေးထားပြီး၊ ယခုအခါမှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ လက်နက်များ ပြည်သူများအပေါ် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်နေမှုနှင့် အခြေအနေများကို MIZZIMA နှင့် DVB ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပေးနေရာတွင် PSI စလောင်းများမှ တဆင့် ကြည့်ရှုနိုင်နေသည့်အတွက် လိုက်လံသိမ်းဆဲနေကြခြင်း ဖြစ်ပြီး၊ ပြည်သူများမှ ဝယ်ယူထားသည့် စလောင်းများကို အကြောင်းမဲ့ သိမ်းဆည်းခြင်း မခံရရန်အတွက် ထိုင်းနိုင်ငံ PSI Corporation ကုမ္ပဏီ ယင်းသို့ လုပ်ဆောင်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။