ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သူများကို ၂၀၂၁ ခုနှစ် မတ်လ (၁၄) ရက်နေ့တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့က အကြမ်းဖက်ပစ်ခတ်ဖြိုခွဲရာ သေဆုံးသူ အနည်းဆုံး (၁၈) ဦးနှင့် ထိခိုက်ဒဏ်ရာရသူအများအပြားရှိနေပြီး အခြေအနေစိုးရိမ်ရသူများလည်း ရှိနေဆဲဖြစ်သည်ဟု ကုသပေးနေသည့် ဆရာဝန်တစ်ဦးထံမှ စာရင်းအရ သိရသည်။
"ကျမရေထားသလောက် Dead 18 ယောက်။ နောက်နေ့မနက်မှ အတည်ထပ်ပြုပေးပါ့မယ်။ ပြင်းထန် head shot လောလောဆယ်နှစ်ယောက် တစ်ယောက်အခြေအနေမကောင်း၊ ခြေလက်ထိတာတွေ များတယ်၊ Comminuted fractures တွေများတယ်"ဟု ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူများအခြေအနေနှင့် ပတ်သက်၍ ကုသပေးနေသည့်အဖွဲ့မှ ဆရာဝန်က ညနေ (၆)နာရီ (၄၃) မိနစ်က အတည်ပြုပြောထားသည်။
လှိုင်သာယာမှ စစ်အာဏာရှင်ဆန့်ကျင်နေသည့် ပြည်သူလူထုကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ရဲအဖွဲ့တို့က အင်အားသုံး၍ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးရသူများအပြင် ခြေ၊ လက်အစိတ်စိတ်အပိုင်းပိုင်းကျိုးသည့် ဒဏ်ရာများကိုလည်း အများဆုံးပါဝင်ကြောင်း တွေ့ရသည်။
စစ်တပ်က နိုင်ငံ့အာဏာသိမ်းမှုကို လက်မခံသည့် လက်နက်မဲ့ပြည်သူများအား လက်နက်ကိုင်အဖွဲ့များဖြင့် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခြင်းများ လုပ်ဆောင်နေသော်လည်း အင်အားအနည်းဆုံးဖြင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့်နည်းလမ်းကို သုံးနေပါသည်ဟု အာဏာသိမ်းအဖွဲ့က တောက်လျှောက်ပြောဆိုနေသည်ကိုလည်း တွေ့ရသည်။
"တပ်ရင်း(၇)ရယ် (၈) ရယ် နှစ်ရင်းလွှတ်ထားတယ်ကွာ။ တပ်ရင်း (၇) ကလည်း ရခိုင်ကတက်လာတယ်ဆိုတော့ သိတယ်မဟုတ်လား။ တပ်ရင်း (၈) ကလည်းကြမ်းတယ်ကွာ။ အဲဒါကို ငါတို့အဖွဲ့ကို ထပ်လွှတ်တယ်။ ကားတစ်စီးစီကို M 14 ရယ် M 2 ရယ် ထုတ်ပေးထားတယ်။ လှိုင်သာယာကိုတော့ မသနားဘူး။ အစကတည်းကလည်း မညှာဘူး။ ဒီကောင်တွေက လုပ်မှာ။ နေတာက စရိုက်ပေါင်းစုံကွာ"ဟု aungthuraphyo ဆိုသည့် Tik Tok အကောင့်တွင် ရဲတပ်ဖွဲ့ဝင်ဝတ်စုံဖြင့် ပြောကြားထားပြီး ရဲတပ်ဖွဲ့ဝင်များက လှိုင်သာယာမှ ဆန္ဒထုတ်ဖေါ်နေသည့်ပြည်သူများအား သွားရောက်နှိမ်နှင်းရန် ပျော်ရွှင်နေပြီး သေနတ်ပစ်ရန် လုနေကြသည်ဟု ရေးသားထားသည်ကိုလည်း တွေ့ရသည်။
မတ်လ (၁၄) ရက်နေ့ တစ်နေ့တာအတွင်း ရန်ကုန်မြို့တွင်း အခြားမြို့နယ်များအပြင် အခြားဒေသများတွင်လည်း အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက ပစ်ခတ်မှုကြောင့် သေဆုံးမှုများရှိခဲ့သည်။
Tachileik News Agency