တာမွေအိုးရှင်းအနီး အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်ဖွဲ့က ရပ်ကွက်တွင်းနေ ပြည်သူများကိုပါ ဖမ်းဆီး

တာမွေအိုးရှင်းအနီး အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်ဖွဲ့က ရပ်ကွက်တွင်းနေ ပြည်သူများကိုပါ ဖမ်းဆီး
ဖေဖော်ဝါရီ 27, 2021 | နိုင်ငံရေး

ရန်ကုန်မြို့တွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့၌ စစ်အာဏာရှင်စနစ်ဆန့်ကျင်နေသည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်လံဖမ်းဆီးမှုများလုပ်နေရာ တာမွေအိုးရှင်းအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ (၇)ဦးပါ ဖမ်းဆီးခံရသည့်အထဲ ပါဝင်သွားကြောင်း သိရသည်။



စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် ဆန္ဒထုတ်ဖေါ်သူများအား ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲဖမ်းဆီးကြောင့် လူစုခွဲထွက်သွားကြပြီဖြစ်သော်လည်း ရဲတပ်ဖွဲ့က လမ်းကြားများအထိ လိုက်လံရှာဖွေ ဖမ်းဆီးနေရာ ပြည်သူလူထုကလည်း ဖမ်းဆီးခံရသူများအား ခေါ်ဆောင်သွားမည့်ကားများကို တားဆီးနိုင်ရန် ကြိုးစားနေကြကြောင်း ညနေ (၃) နာရီဝန်းကျင်က အဆိုပါနေရာတွင်ရောက်နေသည့် သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။



ရဲတပ်ဖွဲ့လိုက်လံဖမ်းဆီး၍ ပုန်းခိုနေရသူများမှ အချို့လည်း ပိတ်မိနေဆဲဖြစ်သည်ဟု သိရသည်။



စစ်တပ်က နိုင်ငံတော်အာဏာသိမ်းထားသည့် (၂၇) ရက်မြောက်နေ့တွင် စစ်အာဏာရှင်စနစ် လက်မခံ၍ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်နေသည့် ပြည်သူများကို ပစ်ခတ်ဖမ်းဆီးမှုများလုပ်ဆောင်လာသည့်အပြင် သတင်းရယူနေသည့် သတင်းသမားများ၊ အရေးပေါ်ဆေးကုသမှုပေးသူများကိုပါ ဖမ်းဆီးမှုများ လုပ်လာသည်ကို တွေ့ရသည်။



Tachileik News Agency