တာချီလိတ်မြို့တွင်း ဝင်မည့်သူများ ရပ်ကွက်ထောက်ခံစာ၊ မြို့ဝင်ဂိတ်ဖြတ်သန်းခွင့် ထောက်ခံစာများ လိုအပ်

တာချီလိတ်မြို့တွင်း ဝင်မည့်သူများ ရပ်ကွက်ထောက်ခံစာ၊ မြို့ဝင်ဂိတ်ဖြတ်သန်းခွင့် ထောက်ခံစာများ လိုအပ်
ဇန်နဝါရီ 7, 2021

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် မြို့တွင်း နေ့စဉ်ဝင်လာသည့် မော်တော်ယာဉ်၊ ဆိုင်ကယ်အရေအတွက် နေ့စဉ်တိုးလာနေရာ မြို့အဝင်နှောင့်နှေးမှု မရှိစေရေးအတွက် ရပ်ကွက်ထောက်ခံစာနှင့် မြို့ဝင်ဂိတ်ဝင်ထွက်ခွင့်စာများ ယူဆောင်လာကြရန် မြို့အဝင်စစ်ဆေးရေးဂိတ် တာဝန်ရှိသူများက အသိပေးတိုက်တွန်းထားသည်။ 

“အခုက လွိုင်မွေချယ်ရီပွင့်ချိန်ဆိုတော့ ဝင်ထွက်တာ ပိုများလာတာပေါ့။ အရင်က တစ်နေ့အစီးရေ (၅၀၀) ဝန်းကျင်ကနေ အခုဆို (၆၀၀)၊ (၇၀၀) ဖြစ်လာပြီ။ ရပ်ဝေးက လာသူအတော်များများကတော့ ရပ်ကွက် ထောက်ခံစာ ပါလာကြပြီ။ ဒီနားဝန်းကျင်နေတဲ့သူတွေက မယ်ယန်းစစ်ဆေးရေးဂိတ်ဖြတ်သန်းခွင့် ထောက်ခံချက်တွေ တစ်ချို့ပါမလာကြသေးဘူး။ တာချီလိတ်မြို့ထဲဝင်မယ်ဆို လိုအပ်တဲ့ ထောက်ခံစာလေးတွေ ယူလာရင် ပိုမြန်တာပေါ့။ နောက်ကိုယ့်ဒေသ ကိုဗစ်ကင်းအောင် တခြားဒေသက လာသူတွေ ရောပြီးဝင်လာလို့မရအောင် ဒါလေးတွေတော့ သတိထားစေချင်တာပေါ့”ဟု COVID 19 ကာကွယ်ရေးအတွက် မြို့အဝင် မယ်ယန်းစစ်ဆေးရေးဂိတ်တွင် ကူညီဆောင်ရွက်ပေးနေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID-19 ရောဂါကာကွယ်ရေးအတွက် တာချီလိတ်မြို့အဝင် မယ်ယန်းစစ်ဆေးရေးဂိတ်၌ မြို့တွင်းဝင်မည့်သူများအား စိစစ်ပြီး stay at home ဒေသမှ လာသူများကို facility quarantine ပို့ဆောင်ခြင်း၊ ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ COVID 19 စစ်ဆေးထားသည့် ထောက်ခံချက်အား စစ်ဆေး၍ လိုအပ်ပါက ကျန်းမာရေးဌာနတွင် စစ်ဆေးမှုခံယူစေခြင်းတို့ကို လူမှုကူညီရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ် နံနက် (၆) နာရီမှ ည (၁၂) နာရီအထိ စောင့်ကြည့်စစ်ဆေးပေးနေကြခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင်း လာရောက်သူများအနေဖြင့် မည်သည့်ဒေသမှ လာရောက်ကြောင်း ရပ်ကွက်ထောက်ခံစာလိုအပ်ပြီး မြို့အဝင်အနီးရှိ ကျေးရွာများတွင် နေထိုင်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပေးထားသည့် မယ်ယန်းစစ်ဆေးရေးဂိတ်ဖြတ်သန်းခွင့် ထောက်ခံချက်များ ယူဆောင်လာရန် လိုအပ်မည်ဖြစ်သည်။

Tachileik News Agency

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။