တာချီလိတ်ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၌ ဆုရရှိသူများနှင့် ၂၀၁၃ခုနှစ် တာချီလိတ်စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား/သူများနှင့် အခြားမြို့နယ်များသို့ သွားရောက်ဖြေဆိုပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဂုဏ်ထူးရ ကျောင်းသား/သူများကို ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဇူလိုင်လ(၃)ရက်နေ့ နံနက်(၉)နာရီက ပြုလုပ်ကျင်းပခဲ့ကြသည်။
အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နွေးနွေးလင်းက အဖွင့်အမှာစကားကို ပြောကြားပြီးနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ရွှေမိုးသူဇာက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အကြောင်းအား ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆုများပေးအပ်ချီးမြှင့်ရာတွင် (ဗဟိုအဆင့်)အခြေခံပညာအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲမှ ဒုတိယဆုရရှိသည့် အ.ထ.က(တာချီလိတ်)မှ ဆဌမတန်းကျောင်းသူ မဆွေရည်ဝင့် အပါအ၀င် ယခု စာစီစာကုံးပြိုင်တွင် အထက်တန်းအဆင့်(၅)ဦးနှင့် အလယ်တန်းအဆင့် (၅)ဦးတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆက်လက်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တာချီလိတ်မြို့နယ်မှ ဂုဏ်ထူးရ ကျောင်းသား/သူ(၉)ဦး နှင့် အခြားမြို့နယ်များသို့ သွားရောက်ဖြေဆိုပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဂုဏ်ထူးရ ကျောင်းသား၊ကျောင်းသူ(၉)ဦး တို့အား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဆေးကျောင်းသူ မကျော့ကျော့စံအား ပညာသင်ထောက်ပံ့ကြေးငွေ တစ်နှစ်စာအတွက် ကျပ်(၆)သိန်းအား ပေးအပ်ချီးမြှင့်ပြီး စာစီစာကုံးပြိုင်ပွဲ၌ ပြိုင်ပွဲဝင် စာစီစာကုံးများအား စစ်ဆေးပေးသည့် မြို့နယ်စာနယ်ဇင်းအဖွဲ့မှ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များပေးအပ်သည်။ တဆက်တည်းမှာပင် ဇွန်လ(၃၀)ရက်နေ့ ညပိုင်းက ပြုလုပ်ကျင်းပခဲ့သော မြန်မာ့ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲဝင်များအား မိတ်ကပ်/ဆံထုံးများကို တာဝန်ယူ ကူညီပံ့ပိုးပေးခဲ့သည့် အလှပြင်ဆိုင်များအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ပုံများကိုကြည့်ရန်