ဇူလိုင်(၇)ရက်နေ့၌ ကျရောက်မည်ဖြစ်သော ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်၂၀၁၃ခုနှစ်၏ မိုးရာသီစိုက်ပျိုးပွဲတော်အဖြစ် တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဖတ်ဟိကျေးရွာအနီးရှိ နယ်ခြားစောင့်တပ် အမှတ်( ၁ဝဝ၉ )၌ ဇူလိုင်(၆)ရက်နေ့ နံနက်(၈း၃၀)နာရီအချိန်က သစ်ပင်အပင်(၁၁၁၅)အား စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
အဆိုပါတပ်ရင်းတွင် စိုက်ပျိုးသည့် သစ်ပင်(၁၁၁၅)ထဲ၌ ကျွန်း၊ မယ်ဇလီ၊ ယူကလစ်၊ မဟော်ကနီ၊ ငုရွှေဝါ၊ စိန်ပန်းကြီး၊ ပန်းတမာ နှင့် ဗန်ဒါပင်တို့ ပါဝင်ပြီး အပင်များကို စိုက်ပျိုးရာမှာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နယ်ခြားစောင့်တပ် အမှတ် ( ၁ဝဝ၉ )မှ တပ်မှူး ဗိုလ်မှူး ကျော်စိုးနှင့် အရာရှိများ၊ တပ်မိသားစုများ အပါအ၀င် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မဇ္ဈိမလူမှုကူညီရေးအသင်း နှင့် ကျေးရွာအတွင်းရှိ တိုင်းရင်းသားပြည်သူများ စုပေါင်းကာ စိုက်ပျိုးခဲ့ကြသည်။
တာချီလိတ်မြို့တွင် ကျောင်း၊ အဆောက်အဦများ၊ ဘုရားကျောင်းကန်များ နှင့် ဌာနဆိုင်ရာ အဆောက်အဦများအပါအ၀င် အခြားသော နေရာများတွင် သဘာဝစိမ်းလန်းစိုပြေစေရေးအတွက် သစ်ပင်များကို စိုက်ပျိုးလိုပါက သစ်တောရုံးတွင် အခမဲ့လာရောက်တောင်းခံနိုင်ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်