ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် UNODC တို့ ပူးပေါင်း၍ မှောင်ခိုမှုတားဆီး နှိမ်နင်းရေးသင်တန်း တာချီလိတ်၌ ပို့ချ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် UNODC တို့ ပူးပေါင်း၍ မှောင်ခိုမှုတားဆီး နှိမ်နင်းရေးသင်တန်း တာချီလိတ်၌ ပို့ချ
ဇူလိုင် 8, 2013
By Tachileik News Agency

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် UNODC တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် " မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နယ်စပ်ဆက်ဆံရေးရုံးများတွင် တာဝန်ပေးအပ်မည့် အရာရှိများအတွက် မှောင်ခိုမှု တားဆီး နှိမ်နင်းရေးသင်တန်း" Anti-smuggling Training Seminar ဖွင့်ပွဲအခမ်းအနားအား ဇူလိုင်လ(၈)ရက် နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့ မူးယစ်(အထူး)အဖွဲ့ ရဲဗလခန်းမ၌ ကျင်းပရာ ရှေးဦးစွာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၏ ကိုယ်စား M-PAC အတွင်းရေးမှူး ရဲမှူးကြီး အောင်ဌေးမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး UNODC မှ Programme Officer Mr.Giovanni Broussard က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ တာချီလိတ်ခရိုင်အတွင်းရှိ BLOရုံးများတွင် အလှည့်ကျ တာဝန်ထမ်းဆောင်လျှက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ သင်တန်းသား/သင်တန်းသူ (၂၃)ဦး တက်ရောက်ခဲ့ကြသည်။

"နယ်စပ်ဒေသများကနေ လူနဲ့ကုန်ပစ္စည်းများ မှောင်ခိုဝင်ရောက်မှု၊ တနည်းအားဖြင့် မတရားဝင်ရောက်မှုတွေကို ကာကွယ်တားဆီးသွားနိုင်ဖို့အတွက် ဒီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်၊ သင်တန်းမှာ UNODC က Programme Officer Mr.Giovanni Broussard ဦးဆောင်တဲ့ ပညာရှင်(၃)ဦးနဲ့ အတူ ၀န်ကြီးဌာနများမှ နည်းပြများကနေပြီး PATROL မှောင်ခိုမှုဆန့်ကျင်ရေးဆိုင်ရာများကို ပို့ချပေးသွားမှာ ဖြစ်ပါတယ်၊ သင်တန်းကာလအားဖြင့် ဇူလိုင်လ(၈)ရက်ကနေ (၁၁)ရက်နေ့အထိ (၄)ရက်တာ သင်ကြားသွားမှာဖြစ်ပြီး နောက်မကြာမီကာလအတွင်း ကော့သောင်း နဲ့ မြ၀တီမြို့များမှာလဲ အလားတူ သင်တန်းများကို ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်"ဟု M-PAC အတွင်းရေးမှူး ရဲမှူးကြီး အောင်ဌေးမြင့် က တာချီလိတ်အွန်လိုင်းသတင်းဌာနသို့ ရှင်းလင်းပြောပြပါသည်။

သတင်းပေးပို့သူ။      ။ မောင်ယဉ်ကျေး