ဓမ္မစကူးလ်ဖောင်ဒေးရှင်း မှ အပတ်စဉ် တနင်္ဂနွေ ဓမ္မစကူးလ် ကျောင်းတော်အား တာချီလိတ်၌ ဖွင့်လှစ်

ဓမ္မစကူးလ်ဖောင်ဒေးရှင်း မှ အပတ်စဉ် တနင်္ဂနွေ ဓမ္မစကူးလ် ကျောင်းတော်အား တာချီလိတ်၌ ဖွင့်လှစ်
သြဂုတ် 18, 2013
By Tachileik News Agency

ယနေ့ သြဂုတ်လ ၁၈ရက်၊ နံနက် ၉နာရီ၁၅ မိနစ်အချိန်က တာချီလိတ်မြို့နယ်ဓမ္မာရုံ၌ ဓမ္မစကူးလ်ဖောင်ဒေးရှင်း မှ အပတ်စဉ် တနင်္ဂနွေ ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်) ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ ဧည့်ပရိတ်သတ် ၃၀၀ ခန့် တက်ရောက်လာခဲ့သည်ကို တွေ့ရှိရသည်။

အခမ်းအနားတွင် မြို့နယ်သာသနာရေး ဦးစီး၊ ဦးရင်မောင်ထွန်းက အခမ်းအနားမှုးပြုလုပ်ပြီး နမောတဿ ၃ ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို စတင်ခဲ့ကြရာ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းမှ ကျောင်းထိုင်ဆရာတော်ဘုရားကြီးက သြ၀ါဒတရားတော် ချီးမြှင့်ပေးတော်မူပြီး  နဂါးရုံကျောင်းဆရာတော် ဦးသုဇနမှ ဓမ္မစကူးလ်ကျောင်းတော် ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ရိုးညွှန်းတမ်း အကြောင်းအရာများကို ကြွရောက်လာသော ဆရာတော်များအား လျှောက်ထား၊ ရှင်းလင်းတော်မူခဲ့သည်။

{ ဖွင့်ပွဲအခမ်းအနား သတင်းမှတ်တမ်း }

ဆက်လက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ယခုလို ဓမ္မစကူးလ် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ၀မ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း ဆရာတော်များအား လျှောက်ထားပြီး တာချီလိတ်မြို့ ဓမ္မစကူးလ်ကျောင်းတော်၏ အလုပ်မှုဆောင် ဥက္ကဌ ဦးကျော်သီဟမှ အနှစ်ချုပ်အားဖြင့် ဓမ္မစကူးလ်ကျောင်းတော် ၏ လုပ်ငန်းဆိုင်ရာများနှင့် ကျေးဇူးတင် ၀မ်းမြောက်ကြောင်း
လျှောက်ထားခဲ့ကြသည်။

ယင်းနောက် ပင့်ဆောင်ထားသော သံဃာတော်အရှင်သူမြတ် ၄၅ ပါးအား လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ တရားတော်နာယူပြီးနောက် အဆိုပါကျောင်းတော် ဖွင့်ပွဲ အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး၊ သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကာ အခမ်းအနား ပြီးမြောက်စေခဲ့ကြကြောင်း သိရှိရသည်။

အခမ်းအနားသို့ မြို့နယ်သံယာ့နာယကဆရာတော်ဘုရားကြီးများအပါအ၀င် သံဃာတော်အရှင်သူမြတ် ၄၅ ပါး နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များအပြင် ကျောင်းသားမိဘများ ၃၀၀ခန့် တက်ရောက်ခဲ့ကြသည်။

ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှ အပတ်စဉ် တနင်္ဂနွေ ဓမ္မစကူးလ်ကျောင်းတော်တွင် သင်ရိုးညွှန်းတမ်းဖြင့် မူလတန်းအဆင့်အဖြစ် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းသာ သင်ကြားပို့ချပေးမှာဖြစ်ပြီး အတန်း ၁ တန်းလျှင် ကျောင်းသား၊ကျောင်းသူ ၄၀ ဦး စုစုပေါင်း ၁၂၀ ဦးသာ ကလေးဗဟိုပြုချဉ်းကပ်နည်းဖြင့် ထိရောက်စွာ သင်ကြားပေးတာဖြစ်ကြောင်း သိရသည်။

ဓမ္မစကူးလ်ဖောင်ဒေးရှင်းသည် ဗုဒ္ဓသာသနာတော်နှင့် နိုင်ငံတော်အတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဗုဒ္ဓတရားတော်များကို စနစ်တကျ သင်ကြားပေးမည့် ဓမ္မစကူးလ်ကျောင်းတော်များ နိုင်ငံအနှံ့ဖွင့်လှစ်နိုင်အောင် ကြိုးစားဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး  အဆိုပါဖောင်ဒေးရှင်းကို နိုင်ငံတော်မဟာနာယက ဥက္ကဌ ဗန်းမော်ဆရာတော်၊ အင်းစိန်ရွာမဆရာတော် အမှူးရှိသည့် သြ၀ါဒါစရိယဆရာတော်များ၊ ပြည်တွင်းပြည်ပ သာသနာပြုဆရာတော်များ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် အစရှိသည့် တက္ကသိုလ်များမှ ပညာရှင်များ၊ သီရိလင်္ကာ၊ အိန္ဒိယ အစရှိသည့် နိုင်ငံများတွင် ပညာသင်ကြားခဲ့ကြသည့် ရဟန်းတော်များ၊ သီလရှင်ဆရာလေးများ၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး ( YMBA )၊ သာသနာနုဂ္ဂဟအသင်းကြီး၊ ဓမ္မရောင်ခြည် အစရှိသည့် ဘာသာရေးအဖွဲ့အစည်း အသီးသီးမှ တတ်သိပညာရှင်များ၊ ဒါယကာ၊ ဒါယိကာမများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ဓမ္မစကူးလ်ဖောင်ဒေးရှင်း မှ တာချီလိတ်၌ ဓမ္မစကူးလ်ကျောင်းတော်ဖွင့်

49 photos