တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များသည် တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ၊နားယောင်းကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာရှိ ပါတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများအား သြဂုတ်လ ၁၈ရက်၊ နေ့လည်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
"ကျွန်တော်တို့ နားယောင်းကို သွားတဲ့ ကိစ္စကတော့ ပါတီဝင်တွေနဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေရဲ့ အခြေအနေတွေကို သိချင်လို့ သွားတဲ့သဘောပါ၊ ဟိုရောက်တော့ ရွာသားတွေအနေနဲ့ မြေပိုင်ဆိုင်မှု ကိစ္စတွေကို တင်ပြလာတာတွေ ရှိပါတယ်"ဟု တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်မောင်တင့်က တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
၎င်းတို့ တွေ့ဆုံရာတွင် အဆိုပါကျေးရွာရှိ ပါတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာအတွင်း လိုအပ်ချက်များနှင့် လယ်ယာမြေကိစ္စရပ်များ၊ သတ္တုတူးဖော်ရေး လုပ်ငန်း ကိစ္စရပ်များအပြင် အခြားကိစ္စရပ်များအား ဆွေးနွေးတင်ပြလာခဲ့ကြကြောင်း သိရသည်။
"ခေါင်းမှာ အမြီးလိုမျိုးထားပြီး ဆံပင်တကွက်လောက် ရှည်နေတာ ၁၀ နှစ်လောက်ရှိပြီ သူ့ခေါင်းကို သွားကိုင်ရင် ခေါင်းမူးတယ်လို့ ပြောတဲ့ ရွာသားတစ်ဦးကို ထူးခြားမှုအနေနဲ့လည်း တွေ့ခဲ့ရသေးတယ်"ဟု ဦးခင်မောင်တင့်မှ ဆက်လက်ပြောပြသည်။