ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်သည် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ပြည်နယ်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်စိုက်ပျိုးရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင် တို့ လိုက်ပါလျက် ဩဂုတ် ၁၈ ရက်၊ နံနက် ၁၀ နာရီ ၁၀မိနစ်က မိုင်းဆတ်မြို့သို့ ရောက်ရှိပြီး မိုးလုံလေလုံအားကစားရုံ၌ '' အစိုးရသစ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ စီမံဆောင်ရွက်ခဲ့သည်မှာ လပေါင်း ၃၀ကျော်ကာလရှိခဲ့ပြီဖြစ်ကြောင်း၊ပြည်သူများ ရွေးချယ်ခဲ့သည့် အစိုးရဖြစ်သလို၊ ပြည်သူများကိုယ်တိုင်လည်း ပါဝင်ရွေးချယ်ခံနိုင်သည့် စနစ်ဖြစ်ကြောင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ သန့်ရှင်းသောအစိုးရ ဖြစ်ရေးသည် အဆင့်ဆင့်တွင် တာဝန်ရှိကြောင်း၊ပြည်သူများ၏ လူမှုဘ၀ နေ့စဉ်နှင့်အမျှ လွယ်ကူလျင်မြန် အဆင်ပြေမှသာလျှင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ခရိုင်နှင့် မြို့နယ်များတွင် စီမံခန့်ခွဲရေးကော်မတီ ၊ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် စည်ပင်သာယာရေးကော်မတီများဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကော်မတီများကလည်း လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တစ်လလျှင် နှစ်ကြိမ်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြရန် '' ဖြစ်ကြောင်းကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပျဉ်းမြို့နယ်စီမံခန့်ခွဲရေးကော်မတီဝင်များ၊ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်သည့် တွေ့ဆုံပွဲ အခမ်းအနားတွင် အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားသွားကြောင်း သိရသည်။
ထို့အတူ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေးဝန်ကြီး၊
ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ကလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေး အမှာစကားအသီးသီးပြောကြား
သည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသ
ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသည့် မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပျဉ်းမြို့နယ်များမှ ဖွံ့ဖြိုးတိုးတက်ရေး
အထောက်အကူပြုကော်မတီများ၊ မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ နှင့် မြို့မိမြို့ဖတို့က ဒေသဖွံ့ဖြိုးရေး ပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၌ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်(၁၀)သိန်းစီ စုစုပေါင်းငွေကျပ်သိန်း(၂၀)ကို တာဝန်ရှိသူများသို့ ပေးအပ်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှ တင်ပြချက်များနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအနေဖြင့် ဖြည်းဆည်း
နိုင်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေ ၃နာရီ ၁၅ မိနစ်တွင် မဟာမြတ်မုနိ
(ပရဟိတ)ကျောင်းတိုက်သို့ ရောက်ရှိပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တ တေဇောဘာသ အမှူးပြု
သော ဆရာတော်သံဃာတော်များအား ဆွမ်းဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး
ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်သည်။ ထို့နောက် ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ပေးပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။
ထို့နောက် မိုင်းဆတ်-အထကပြောင်းရွှေ့နိုင်ရေး လျာထားမြေနေရာအား ကြည့်ရှုစစ်ဆေးပြီး၊ မိုင်းဆတ်-မယ်ဆတ်ဆည်မှ လက်ယာတူးမြောင်း အခြေအနေနှင့် မြို့ရေကြီးရေလျှံခြင်း ဖြစ်ပေါ်နိုင်မှုအခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ မြို့ရေမြောင်းများတူးဖော်ရန် စက်ယာဉ်ယန္တရားများသုံး ဒီဇယ်ဆီ ဂါလံ
၅၀၀ ကို ထောက်ပံ့ပေးခဲ့သည်။
ထိုမှတဆင့် မိုင်းဆတ်လေဆိပ်တွင် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်မည့်
အစီအမံများအား ကြည့်ရှုစစ်ဆေးရာ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ လေယာဉ်ကွင်းအထူးအဖွဲ့(၄)မှ
ဒုတိယအင်ဂျင်နီယာမှူး ဦးသန်းဝင်း က လုပ်ငန်းနှင့်ပတ်သက်သည်များ ရှင်းလင်းတင်ပြရာ ၀န်ကြီးချုပ်က
လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ပုလဲသွယ်စပ်မျိုး စပါးစံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး၊
ပြည်သူ့ဆေးရုံသို့ရောက်ရှိကာ ဆေးသိုလှောင်ထားရှိမှု ကြည့်ရှုစစ်ဆေးပြီး၊ ဆေးဝါးကုသမှု ခံယူလျက်ရှိသော လူနာများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ပံ့ပိုး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။