ထိုင်းနိုင်ငံ မယ်ဆိုင်ရဲများမှ မြန်မာနိုင်ငံသားများအပေါ် အမျိုးမျိုး ခြိမ်းခြောက် ငွေညှစ် ဖမ်းဆီးမှုများအား တားဆီး၊ ကာကွယ်နိုင်ရေးကိစ္စကို တာချီလိတ် ပြည်သူလူထုမှ နှစ်များစွာ အထူးမျှော်လင့် တောင်းတနေခဲ့သည်ဖြစ်ရာ ၂၀၁၃ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ"အမည်ရှိ ကော်မတီတစ်ရပ်အား တာချီလိတ်ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ နှင့် ရပ်မိရပ်ဖများပါဝင်သော ကော်မတီဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းလိုက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ကော်မတီဖွဲ့ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အဖွင့်အမှာစကားပြောကြားရာ သြဂုတ်လအတွင်းက ယခုလိုကိစ္စများနှင့်ပတ်သက်၍ မယ်ဆိုင်မြို့ပိုင် နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သလို ထိုင်းနယ်ခြားကော်မတီနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများအနေဖြင့် ယခင်ကလို မခံလာရအောင်အတွက် ကူညီမှုများပေးသွားရန် စသည့် အကြောင်းအရာများကို ပြောကြားသွားခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ဆက်လက်၍ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ထိုင်းရဲတစ်ချို့၏ ခြိမ်းခြောက်ငွေညှစ်မှုကို ခံလာရသော ကာယကံရှင် နှစ်ဦးအား တာချီလိတ်အွန်လိုင်းမှ တွေ့ဆုံမေးမြန်းထားသည့် သတင်းဗီဒီယို ၂ခုအား ပြသပြီးနောက် ယခုလို ကိစ္စနှင့်ပတ်သက်၍ ဌာနဆိုင်ရာများမှ ဥပဒေလုပ်ထုံးလုပ်နည်းများကို ဌာနတစ်ခုစီအလိုက် ရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ နှင့် ရပ်မိရပ်ဖများက မိမိတို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များ နှင့် ကြားသိရသည့် ကိစ္စရပ်များအပြင် လိုအပ်ချက်များကို ဆွေးနွေးအကြံပြု နှီးနှောဖလှယ်ခဲ့ကြရာ မယ်ဆိုင်မြို့ဘက်တွင် ရဲများက ခြိမ်းခြောက်ငွေညှစ်မှုကြောင့် ခံလာရသူ မြန်မာနိုင်ငံသား တစ်ချို့အား ကူညီဖူးသူ ဦးစည်သူမောင် က ၎င်း၏ အတွေ့အကြုံ နှင့် အကြံပြုချက် ၉ ချက်ကို ရှင်းလင်းဖတ်ကြားရာ
"(၁) မိမိအား စတင်ခေါ်ယူ စစ်ဆေးသည့် နေရာနှင့်ထင်ရှားသော အမှတ်အသားများအား လေ့လာရန်
(၂) ရဲယူနီဖောင်းဝတ်များ၏ ရင်ဘတ်တွင် ၎င်းတို့အမည်အား မှတ်နိုင်သမျှမှတ်သားနိုင်ရန်(သို့)
ယာဉ်ထိန်းရဲဖြစ်နေပါက ၎င်းတို့၏ ဦးထုပ်တွင် ဂဏန်း(၃)လုံးအား မှတ်သားထားရန်။
(၃) ကားပေါ်တက်ခိုင်းပါက မိမိစီးနင်းလိုက်ပါသွားသော ကားနံပါတ်၊ အရောင်၊ ဘေးနံပါတ်တို့အား
သူတို့မြင်သာအောင် ဘော့လ်ပင်ဖြင့် မှတ်သားရန်။ ယခုလိုမှတ်သားထားသည်ကို ထိုင်းရဲများကတွေ့ရှိယုံဖြင့် မိမိအားရဲစခန်းသို့သာ ခေါ်ဆောင်သွားမည်ဖြစ်ပါသည်။
(၄) ထိုင်းရဲကားမဟုတ်ဘဲ အခြားအရပ်ကားဖြင့် အဝေးသို့ခေါ်ဆောင်သွားပါကလည်း ကားအမျိုးအစားအရောင်၊ ကားနံပါတ်နှင့် ခေါ်ဆောင်သွားသည့် နေရာနှင့် မနီးမဝေးနေရာကို သေချာစွာမှတ်သားသင့်ပါသည်၊ မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှူလိုပါက ထိုနေရာအားမှတ်မိနိုင်ရပါမည်။
(၅) မိမိအား တစ်နေရာသို့စတင်ခေါ်ဆောင်သွားသည့် အချိန်မှစ၍ လက်ကိုင်ဖုန်းဖြင့် မိမိသူငယ်ချင်း၊(သို့) အပေါင်းအသင်း မိတ်ဆွေများထံ ချက်ခြင်းဖုန်းဆက်၍ အကြောင်းကြားထားရန်။
(၆) ထိုင်းရဲများမှ မိမိ၏ လက်ကိုင်အိတ်၊ ပိုက်ဆံအိတ်များကို စစ်ဆေးမည်ဆိုပါ ကိုယ်ကိုယ်တိုင်သူတို့ရှေ့မှောက်ရှိ ကတ္တရာလမ်း(သို့)စားပွဲပေါ်တင် အကုန်သွန်မှောက်ပြလိုက်ပါ။ ၎င်းတို့၏ လက်ထဲတွင်မူးယစ်ဆေးဝါးများ မရှိနိုင်ဟု မပြောနိုင်ပါ။
(၇) လမ်းကြိုလမ်းကြားထဲတွင် ဖမ်းဆီးစစ်ဆေးခံရမည်ဆိုပါက မိမိတတ်ကျွမ်းသည့် ဘာသာ(သို့)ခြေဟန်လက်ဟန်ဖြင့် လမ်းမကြီးဘက်သို့အတတ်နိုင်ဆုံး ခေါ်ထုတ်လာပြီးမှ အစစ်ဆေးခံရန်၊ အလှမ်းဝေးပါက လူနေအိမ်၊ လူမြင်ကွင်းရှေ့တွင် အစစ်ဆေးခံရန်။
(၈) မိမိတွင်ပါလာသည့် မှတ်ပုံတင်များ၊ နယ်စပ်ဖြတ်ကျော်လက်မှတ်များအား ချက်ခြင်းပေးဆောင်ခြင်းမပြုရန်နှင့် မဖြစ်မနေပေးရမည်ဆိုပါက ရဲစခန်းရောက်မှပေးရန်။
(၉) ဖုန်းပြောဆိုခွင့် မပြုပါက မိမိဖုန်းတွင်နောက်ဆုံး ခေါ်ဆိုထားသည့် ရင်းနှီးသူအား မသိမသာ ခလုတ်ကိုနိပ်၍ ခေါ်ဆိုထားပြီး အိတ်ထဲထည့်ထား၍ ရဲများနှင့်အပြန်အလှန်ပြောဆိုသည့် စကားသံများကိုခပ်ကျယ်ကျယ်လေး ပြောဆိုရန်၊ သို့မှသာလျှင် တစ်ဖက်မှမိတ်ဆွေသည် မိမိအခက်အခဲကိုသိနိုင်ပါမည်။"ဟု အကြံပြုဆွေးနွေးသွားခဲ့သည်။
အခမ်းအနားတွင် ဆွေးနွေးအကြံပြုမှုများပြီးသည့်နောက် ကော်မတီဖွဲ့စည်းရန်အတွက် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ နှင့် ရပ်မိရပ်ဖများထဲမှ ရွေးချယ်ကာ ၂၇ ဦးဖြင့် ကော်မတီဖွဲ့စည်းခဲ့ကြသည်။
ယခုဖွဲ့စည်းလိုက်ပြီဖြစ်သော ကော်မတီအား သက်ဝင်လှုပ်ရှားရန်အတွက် ကော်မတီဝင် ၂၇ ဦးဖြင့် သီးသန့် အစည်းဝေးပြုလုပ်ကာ ဆောင်ရွက်သွားမှာဖြစ်ပြီး အမှတ် (၁) တံတား ထိပ်ရှိ နေရာများ၌ အသိပေးဆိုင်းဘုတ်များကိုလည်း ပြုလုပ်တပ်ဆင်သွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်