တာချီလိတ်မြို့ရှိ ဈေးများစွာအနက် မြို့မဈေး(၀မ်ကောင်းဈေး)အား ယခုအခါမှာ အသစ်ပြန်လည်၍ တည်ဆောက်ရန် ပြင်ဆင်မှုများပြုလုပ်နေပြီး ဈေးဆောက်လုပ်နေစဉ် အချိန်အတွင်း ဈေးသည်များအတွက် အဆင်ပြေစေရန် တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်း အနီးတစ်ဝိုက်တွင် ယာယီဈေးနေရာအား သတ်မှတ်ထားရာ စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက ပျံကျဈေးသည်များအတွက် ဆိုင်ခန်းနေရာများအား အောင်မြတ်ခန်းမ၌ မဲနှိုက်၍ နေရာချထားပေးနေတာ ဖြစ်ကြောင်း သိရသည်။
"ယာယီဈေးဆောက်တဲ့အခါမှာ ဈေးသူ၊ ဈေးသားတွေနားက တစ်ပြားတစ်ချပ်မှ မယူပဲ စည်ပင်သာယာ နဲ့ ကုမ္ပဏီနဲ့ ညှိနှိုင်းပြီးတော့မှ အလကားဆောက်ပေးထားတာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို က တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။
"အခု ကျွန်တော်တို့အနေနဲ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဈေးသူ ဈေးသားများကို ယာယီဈေးကို အပြီးရွှေ့ခိုင်းထားပြီးတော့၊ ၁၆ ရက်နေ့က စပြီးတော့ ဈေးကို စတင်ဖြတ်သိမ်းပြီးတော့ ဈေးသစ်ကြီးကို စတင်တည်ဆောက်သွားမှာပါ။"ဟု ၎င်းမှ ဆက်လက်ရှင်းပြသည်။
အသစ်ဆောက်မည့် ကြာချိန်ကာလမှာ ၁ နှစ် နှင့် ၆လ စာတင်ထားသော်လည်း ၁နှစ် နှင့် ၂လ အတွင်းမှာ ပြီးမြောက်နိုင်မှာဖြစ်ကြောင်း သိရှိရသည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬