ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၊ နန်းကျန်းရပ်ကွက်ရှိ Prove Garment ကုမ္ပဏီ အထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမား ၁၈၆ဦးတို့သည် လုပ်အားခအပြည့်အ၀ရရှိခြင်းမရှိ၍ အခက်အခဲဖြစ်နေသည့်အပြင် လတ်တလောမှာ အလုပ်သမား စာချုပ်ပြင်ဆင်ချူပ်ဆိုနိုင်ရန်အတွက် ကုမ္ပဏီမှ စက်ရုံအား စက်တင်ဘာလ ၁၁ ရက်မှ ၂၆ရက်နေ့ထိ ခေတ္တပိတ်ထားသည်ဖြစ်ရာ စားနပ်ရိက္ခာအတွက် အခက်အခဲ ဖြစ်နေသည့်အတွက် တာချီလိတ်မြို့၌ ဖွဲ့စည်းထားသည့် "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ"မှ သွားရောက်၍ ဆန် ၁၄အိတ်၊ ကြက်ဥ ၁၁၃ကတ်၊ ခေါက်ဆွဲခြောက်ဖာကြီး ၂ဖာ၊ ဆီ သုံးပုံး နှင့် ဆီ ၁လီတာပုလင်း ၂ဖာ တို့အား စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လည်ပိုင်းက ထောက်ပံ့ ကူညီပေးအပ် လှူဒါန်းခဲ့ကြသည်။
ထိုသို့ သွားရောက်ပေးအပ်ရာသို့ တာချီလိတ်ဘက်မှ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ"၀င်များအား မယ်ဆိုင်မြို့နယ် ဒုတိယ မြို့ပိုင် Mr.Wiwat Jeansawan ဦးဆောင်သော အဖွဲ့မှ ပွိုင့်ကားများဖြင့် ကြိုဆိုခဲ့ကြပြီး အထည်ချုပ်စက်ရုံသို့ လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။
မြန်မာအလုပ်သမားများ နှင့် ကော်မတီဝင်များတွေ့ဆုံရာတွင် မယ်ဆိုင်မြို့နယ် ဒုတိယ မြို့ပိုင် Mr.Wiwat Jeansawan က "ချင်းရိုင်းခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ Prove Garment ကုမ္ပဏီအား မြန်မာအလုပ်သမားများမှ တောင်းဆိုထားသော အချက် ၁၂ ချက်အား တစ်ချက်စီ လိုက်နာဆောင်ရွက်ပေးရန် ညွှန်ကြားစာ ထုတ်ပြန်ထားကြောင်း"ကို ရှင်းလင်းပြောကြားသွားသည်။
ယင်းနောက် ကော်မတီဝင်များမှ မြန်မာအလုပ်သမားများအား အားပေးစကားပြောကြားရာ စက်တင်ဘာလ ၂၆ရက်နေ့တွင် စက်ရုံပြန်လည်ဖွင့်လှစ်ပါက အလုပ်ပြန်လုပ်ရေးကိစ္စရပ်များကို
မြန်မာအလုပ်သမားများဘက်မှ တင်ပြဆွေးနွေးကြရာတွင် မြန်မာအလုပ်သမားများမှ ၎င်းတို့ တောင်းဆိုထားသော အချက်အလက်များအား ကုမ္ပဏီမှ လိုက်လျောမှုရှိမရှိကို ပြင်ဆင်ချုပ်ဆိုမည့် စာချုပ်သစ်ပေါ်တွင် စောင့်ကြည့်ရမှာ ဖြစ်ကြောင်း သိရသည်။
တဆက်တည်းမှာပင် ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်သော The Voice Weekly ၌ စက်တင်ဘာလ ၁၆ရက်နေ့က ရေးသားထားပြီး ၁၇ရက်နေ့တွင် ဖော်ပြထားသော "ထိုင်းနယ်စပ်ရှိ အထည်ချုပ်စက်ရုံ မြန်မာလုပ်သား ရာချီ ပိတ်လှောင်ခံရ"ခေါင်းစဉ်၏ သတင်းနှင့် ပတ်သက်၍ မြန်မာအလုပ်သမားများအား ပိတ်လှောင်ခံရသည်မှာ ဟုတ်မဟုတ်ကို ကော်မတီဝင်များက မေးမြန်းရာမှာ မြန်မာအလုပ်သမားများက မဟုတ်ကြောင်း၊ အဆိုပါ သတင်းမှာ မှားယွင်းကြောင်း နှင့် ၎င်းတို့အတွက် အဓိက လိုအပ်ချက်မှာ လုပ်အားခ အပြည့်အ၀ ရရှိရေးသာဖြစ်ကြောင်း ပြောကြားလာသည်။
မြန်မာအလုပ်သမားများအား ကော်မတီမှ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးနေသော်လည်း ၎င်းတို့အတွက် အိမ်လခ နှင့် အခြားသုံးစွဲမှုများ လိုအပ်သည်ဖြစ်သည့်အတွက် လုပ်အားခအပြည့်အ၀ ရရှိရေးသာ အဓိကဖြစ်ကြောင်း အလုပ်သမားတစ်ဦးမှ ပြောလာသည်။
" ၅လပိုင်းကစပြီး လုပ်ခကို ပုံမှန်မရခဲ့ကြပါဘူး၊ လုပ်အားခကို ပုံမှန်မရခဲ့ကြသလို စားဝတ်နေရေး အတွက်လည်း အရမ်းကို အခက်အခဲဖြစ်ခဲ့ကြပါတယ်၊ အဲ့ဒါကြောင့်မို့ ကျွန်မတို့တွေက နီးစပ်ရာကို ပြောတဲ့အခါမှာ ဘယ်လိုမှ အခွင့်အရေးမရခဲ့ပါဘူး၊ ကျွန်မတို့ကို အခုလို လာရောက်ကူညီတဲ့ အဖွဲ့ရှိတဲ့အတွက် အများကြီးလည်း အခွင့်အရေးရခဲ့ပါတယ်၊ ၂၆ ရက်နေ့ အလုပ်ပြန်ဆင်းမဲ့ အနေအထားမှာတော့ ကျွန်မတို့တွေ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကိုတော့ ကြည့်ရဦးမှာပါပဲရှင့်"ဟု မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ မသိမ့်မှ တာချီလိတ်အွန်လိုင်းသို့
ပြောကြားလာသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားများအား သွားရောက်ကူညီ ပံ့ပိုးလိုသူများ အနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို အခြေပြုသောအားဖြင့် မိမိတို့ ဆန္ဒအလျောက် မသွားရောက်စေလိုပဲ ကော်မတီသို့ အကြောင်းကြားရမှာဖြစ်ပြီး ကော်မတီမှ တစ်ဖက် မယ်ဆိုင်မြို့ရှိ တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ ပြောကြားသည်။
"ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ"မှ စက်တင်ဘာလ ၁၄ ရက်နေ့က ပထမအကြိမ် ပံ့ပိုးကူညီမှုအဖြစ် သွားရောက်ခဲ့ကြပြီး စက်တင်ဘာလ ၂၀ ရက်နေ့က သွားရောက်ခဲ့မှုသည် ကော်မတီ၏ ဒုတိယအကြိမ်မြောက် ပံ့ပိုးကူညီမှုဖြစ်ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬