တာချီလိတ်မြို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော တစ်ဖက် ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအား ထိုင်းအစိုးရ တာဝန်ရှိသူများက ဖမ်းဆီးအရေးယူကာ မြန်မာနိုင်ငံ တာချီလိတ်ဘက်သို့ ရက်သတ္တပတ်တွင် ၂ကြိမ် လွှဲပြောင်းမှုများ ပြုလုပ်လျှက်ရှိရာ စက်တင်ဘာလ ၂၅ရက်၊ နံနက် ၁၁း၁၀မိနစ် အချိန်က မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ် ၁ တံတားပေါ်တွင် ထိုင်းဘက် တာဝန်ရှိသူများက တရားမ၀င် မြန်မာအလုပ်သမား ၁၅ ဦးအား မြန်မာဘက် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ရာတွင် ထိုင်းနိုင်ငံ ရဲချုပ်ရုံးမှ ဒုတိယရဲဗိုလ်ချုပ်ကြီး Mr.Santi PhenSit နှင့် အဖွဲ့ဝင်(၃၀)အပါအ၀င် မြန်မာဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူ အကြီးအကဲများက လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထိုသို့လွှဲပြောင်းရာတွင် အာခါလူမျိုး ၂ ဦး၊ ဗမာလူမျိုး ၆ ဦး၊ ရ၀မ်လူမျိုး ၁ ဦး၊ ရှမ်းလူမျိုး ၃ဦး၊ ကချင်လူမျိုး ၂ ဦး နှင့် ဂေါ်ရခါး ၁ ဦး စုစုပေါင်း ၁၅ ဦးဖြစ်ရာ အမျိုးသား ၁၄ ဦး နှင့် အမျိုးသမီး ၁ဦး ပါဝင်ကြောင်း သိရသည်။
" သူဋ္ဌေးက အလုပ်သမားကဒ်မရှိတဲ့ မြန်မာအလုပ်သမားတွေအတွက် ရဲဖမ်းတာကို မခံရအောင် ရဲကြေးပေးတာမျိုးတွေရှိပါတယ်၊ ကျွန်တော်တို့က သစ်သီးတွေပို့တာဆိုတော့ သစ်သီးနည်းတဲ့ အခေါက်ဆိုရင် သူဋ္ဌေးက ရဲကြေးမပေးတော့ဘူး၊ အဲ့လို မပေးတာကြာလာလို့ထင်တယ်၊ အခုလို ဖမ်းခံရတော့တာပဲ"ဟု အဖမ်းခံရ၍ ပြန်လည်ပို့ခံရသူ ကိုအေးချိုမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
"ကျွန်တော်က ထိုင်းလ၀က အိမ်မှာ အလုပ်လုပ်တာ၊ ဘယ်လိုလုပ် အဖမ်းခံရတာလည်းဆိုတာ မပြောတတ်ဘူး၊ အလုပ်ကလည်း လုပ်နေရင်းဆိုတော့ ပြန်သွားဖို့တော့ စဉ်းစားထားတယ်"ဟု ပြန်ပို့ခံရသူ အသက် ၃၅၀န်းကျင်ရှိ အမျိုးသားတစ်ဦးမှ ပြောလာသည်။
"ကျွန်တော်တို့ ပန်းရံလုပ်နေတုန်း ရဲတွေက ကဒ်မရှိရင် ဖမ်းမယ်၊ ထောင်ချမယ်ပြောပြီး ၀င်ဖမ်းလို့ အခုလို တာချီလိတ်ကို ရောက်လာခဲ့တာပါ"ဟု ပြန်ပို့ခံရသည့် အသက် ၁၇ နှစ်အရွယ် မောင်အိုခွါန် မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
ယခုလို ထိုင်းဘက်မှ မြန်မာဘက်သို့ တရားမ၀င် အလုပ်သမားများနှင့် ဖမ်းခံရသူ
မြန်မာနိုင်ငံသားများအား ပြန်လည် လွှဲပြောင်းခြင်းနှင့် ပတ်သက်၍ လွန်ခဲ့သော ၂၀၁၀ခုနှစ် အောက်တိုဘာလ ၃ရက်နေ့က တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ အာဒီးရွာ အနီးရှိ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးစခန်း၏ တစ်ဖက်ထိုင်းနိုင်ငံပိုင် နယ်မြေတွင် မြန်မာနိုင်ငံသား အလုပ်သမားများအား ထိုင်းဒေသအာဏာပိုင်များမှ အချုပ်ကားဖြင့် သယ်ဆောင်လာခဲ့ပြီး မြန်မာနိုင်ငံ ဘက်ခြမ်းသို့ စွန့်ပစ်နှင်ထုတ်ခဲ့သည့်အတွက် တာချီလိတ်မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အစီအမံဖြင့် အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်၌ နှစ်ဖက် တာဝန်ရှိသူများဖြင့် လွှဲပြောင်း/လက်ခံခြင်းကို ၂၀၁၀ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့မှ စတင်၍ဆောင်ရွက်ခဲ့ကြတာ ဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬