ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Prove Garment ကုမ္ပဏီ အထည်ချုပ်စက်ရုံ၌ လုပ်အားခ ပုံမှန်ရရှိမှု မရှိခြင်းအပြင် လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများနှင့် ကြုံတွေ့နေရ၍ အခက်အခဲဖြစ်ပေါ်နေသော မြန်မာအလုပ်သမား ၁၈၆ဦးအတွက် တာချီလိတ်မြို့မှ ဖွဲ့စည်းထားသော "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ"မှ တတိယအကြိမ်အဖြစ် စားနပ်ရိက္ခာများအား
ကော်မတီဝင်များမှ သွားရောက်၍ ထောက်ပံ့ကူညီ ပေးအပ်ခဲ့ကြသည်။
နံနက် ၁၀နာရီခန့်တွင် ကော်မတီဝင်များမှ မြန်မာအလုပ်သမားများနေထိုင်သော အိမ်ရာသို့
ရောက်ရှိကြပြီး အလုပ်သမားများအား အားပေးစကားပြောကြားရာ အလုပ်သမားများမှ အထည်ချုပ်စက်ရုံတွင် အလုပ်ဝင်နိုင်ရန်အတွက် ကုမ္ပဏီမှ ခန့်ထားသော ဆရာမကြီးဟု အများခေါ်သည့် လွိုင်လင်ဇာတိမှ မြန်မာနိုင်ငံသား အမျိုးသမီးအား ဘတ် ၁၀၀၀ မှ ဘတ် ၃၀၀၀ ထိ ပေးရကြောင်း၊ ထိုသို့ ပေးရသော်လည်း အလုပ်မရရှိသူများလည်း ရှိကြောင်း နှင့် အဆိုပါအမျိုးသမီးမှ အလုပ်သမားများအပေါ် လုပ်အားခ ခေါင်းပုံဖြတ်မှုများရှိကြောင်း၊ အထည်ချုပ်စက်ရုံတွင် ထိုင်းနိုင်ငံသားများပါဝင်ပြီး ၎င်းတို့မှာလည်း မြန်မာအလုပ်သမားများနည်းတူ အခက်အခဲဖြစ်ပေါ်နေကြောင်း ပြောကြားလာကြသည်။
ယင်းနောက် အလုပ်သမားများအား ဆန် ၁၀အိတ်၊ ဆီပုံးကြီး ၃ပုံး၊ ခေါက်ဆွဲခြောက် ဖာကြီး ၄ဖာ၊ ငါးခြောက်၊ ငပိဗူးများ၊ လက်ဖက်၊ ငရုတ်သီး၊ ချဉ်ပေါင်ရွက် နှင့် တာချီလိတ်မြို့၊ ဟောင်လိတ်စက်မှုဇုံ မိသားစုများမှ ဆန်၊ဆီ၊ဆား အမယ်စုံထုပ် ၁၉၀ ထုပ် အပါအ၀င် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အာဟာရအဖြစ် အစားအစာများကို ကော်မတီဝင်များက ပေးအပ် ထောက်ပံ့ခဲ့ကြသည်။
မြန်မာအလုပ်သမားများ၏ အရေးကိစ္စနှင့်ပတ်သက်၍ စက်တင်ဘာလ ၃၀ရက်နေ့တွင် မြန်မာသံရုံးမှ တာဝန်ရှိသူများက ချင်းရိုင်းတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မှာဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင် အခက်အခဲဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများအား ကူညီနိုင်ရန်အတွက် တာချီလိတ်မြို့မှ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် တိုင်းရင်းသားများဖြင့် စုပေါင်းကာ ၂၀၁၃ခုနှစ် သြဂုတ်လ ၂၆ရက်နေ့က "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ"အမည်ဖြင့် ဖွဲ့စည်းခဲ့သော်လည်း ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက ၎င်းတို့အနေဖြင့်လည်း မြန်မာနည်းတူ ဖွဲ့စည်းရာတွင် အမည်အား လိုက်ဖက်စွာ ပေးနိုင်ရန်အတွက်
ကော်မတီ၏ ခေါင်းစဉ်အား နှစ်နိုင်ငံအနေဖြင့် တညီတညွှတ်တည်းပေးနိုင်ရန် မေတ္တာရပ်ခံလာသည့် အတွက် "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေး နှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (တာချီလိတ်)"အမည်ဖြင့် ( Caring and Negotiating Committee For Myanmar Citizens In Mae Sai ) တာချီလိတ်ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတို့၏ ညွှန်ကြားမှုဖြင့် ပြောင်းလဲလိုက်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬