ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Prove Garment Co.,Ltd. အပိုင် အထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမား ၁၈၆ဦးအား အလုပ်ရှင်မှ ခေါင်းပုံဖြတ်ခြင်း၊ လုပ်အားခ ပုံမှန်မပေးခြင်း၊ တရားမျှတမှုမရှိခြင်းတို့ကြောင့် မြန်မာအလုပ်သမားများဘက်မှ MOU စာချုပ်ပါ စည်းကမ်းအတိုင်း တောင်းဆိုသည့် အချက်များနှင့် ပတ်သက်၍ အလုပ်ရှင်မှ လျစ်လျူရှုနေသည့်အတွက် ထိုင်းနိုင်ငံ- ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် ကိုယ်တိုင်လာရောက်ပြီး ချင်းရိုင်းခရိုင် အလုပ်သမားဦးစီးဌာနရုံးတွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ၊ NGO အဖွဲ့အစည်းများ နှင့် တာချီလိတ်မြို့မှ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ"မှ အဖွဲ့ဝင် ၆ ဦး နှင့် အလုပ်သမားဘက်မှ ကိုယ်စားလှယ် ၉ ဦးတို့နှင့်အတူ စက်တင်ဘာလ ၃၀ရက်နေ့ နေ့လည် ၁၂နာရီမှ ညနေ ၄နာရီအချိန်ထိ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယခုလို အလုပ်သမားသံအရာရှိ နှင့် မြန်မာနိုင်ငံဘက်မှ ကော်မတီအပါအ၀င် အလုပ်သမားများ နှင့် ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးရာမှာ ကုမ္ပဏီဘက်မှ တက်ရောက်လာခြင်း မရှိပဲ ကုမ္ပဏီဘက်မှ ပြောဆိုလိုသည့် အချက်အလက်များကို ထိုင်းနိုင်ငံ အလုပ်သမားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြန်လည် ပြောကြားသွားရာတွင် မြန်မာအလုပ်သမားများအား ကုမ္ပဏီမှ ထုတ်လိုက်ပြီဖြစ်ကြောင်း၊ ထိုသို့ ထုတ်ပယ်လိုက်သည့် မြန်မာအလုပ်သမားများထဲမှ ၎င်းတို့အနေဖြင့် နှစ်သက်သူများကိုသာ စီစစ်၍ အလုပ်ခန့်သွားမှာဖြစ်ကြောင်း ပြောကြားလာသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာမှာ ထိုင်းနိုင်ငံ- ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်က "ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေအတိုင်း အလုပ်သမားများ၏ ရပိုင်ခွင့်များနှင့် မရရှိသေးသော လုပ်အားခများကို အသေးစိပ် စုံစမ်း စစ်ဆေးဖော်ထုတ်ပြီး အမြန်ဆုံးဆောင်ရွက်ပေးရန်၊ နှစ်နိုင်ငံသဘောတူညီမှုဖြင့် ရယူချုပ်ဆိုထားသော MOU စာချုပ်စာတမ်းများကို အလုပ်ရှင်မှ မိမိသဘောအတိုင်း ပြင်ဆင်ရေးဆွဲခွင့် မရှိသလို လုပ်အားခ တစ်ရက်လျှင် ၃၀၀ ဘတ် မသတ်မှတ်သည့်အတွက် အလုပ်ရှင်၏ အပြစ်သာဖြစ်ကြောင်း၊ အလုပ်သမားများအား ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်မှ ထုတ်ပယ်ခြင်းခံရမည်ဆိုပါက စာချုပ်ပါအတိုင်း နစ်နာကြေးပေးလျော်ရမည်ဖြစ်ကြောင်း၊ MOU သမားတွေကို နေ့ကြေး ပေးကိုပေးရမှာဖြစ်ကြောင်း၊ ထိုသို့ မပေးပါက လုံးဝလက်မခံနိုင်ကြောင်း" အတိအလင်း ပြောကြားသွားခဲ့သည်။
အလုပ်သမားများမှ အလုပ်သမားသံအရာရှိထံ "သင်္ကြန်ပိတ်ရက် ၄ ရက်ကို အလုပ်ရှင်မှ သူ့သဘောနှင့်သူ ပိတ်ပေးတာဖြစ်ပြီး အလုပ်သမားများမှ ပိတ်ပေးရန် မတောင်းဆိုကြောင်း၊ အလုပ်ပြန်တက်သောအခါ ထို ၄ရက်အစား တနင်္ဂနွေနေ့တိုင်း အစားထိုးဆင်းရမည်ဟု ပြောကြောင်း၊ သဘောတူစွာ ထိုပိတ်ရက်များအား အစားထိုးဆင်းပေးခဲ့ရကြောင်း၊ ထိုပိတ်ရက် ၄ ရက်အစား ၅ လပိုင်း လစာထဲတွင် ဖြတ်တောက်ခြင်း ခံရကြောင်း၊ အဆိုပါကိစ္စများအတွက် မကျေနပ်ကြောင်း ပြောပြသောအခါ တစ်ဝက်နှုန်းသာ ပြန်၍ပေးလာကြောင်း၊ အပ်ကျိုးလျှင်(၁၀)ဘတ်ဖြတ်ကြောင်း၊ စက်ပျက်လျှင်လည်း(၁၀)ဘတ်ဖြတ်ကြောင်း၊ အပ်ချည်သုံး၍ကုန်လျှင် ဒုတိယဆိုင်းသမားများမှ မိမိငွေဖြင့် စိုက်၍၀ယ်ရကြောင်း၊ အလုပ်ရှင်မှ ပတ်(စ)ပို့သိမ်းထားကြောင်း၊ ပြီးခဲ့သောအစည်းအဝေးများမှာ ခဏခဏတိုင်တန်းပေမယ့် ရက်ချိန်း အမျိုးမျိုးပေးကြောင်း၊ နောက်ဆုံး ရှမ်းနှင့် ထိုင်း၊ မြန်မာ (၃)ဖွဲ့ဆွေးနွေးမည်ဟုပြောပြီး ထိုင်းနှင့်ရှမ်းကို မုန့်ဖိုးပေးပြီး စက်ရုံဘက်မှ လိုက်ပြောရန်ပြောကြောင်း၊ သောကြာ၊ စနေ၊ တနင်္ဂနွေ၊ တနင်္လာနေ့ အလုပ်ဆင်းချိန်တွင်၊ အထည်မချုပ်ခိုင်းဘဲ၊ အထည်စစ်ခိုင်းကြောင်း စက်မချုပ်လျှင် ပြန်ဟုပြော၍ လက်မှတ်ထိုးပြီး ပြန်ခဲ့ရကြောင်း၊ စက်ရုံမှ (၇)ရက် အလုပ်ပိတ်ပြီး ဥပဒေပြင်ဆင်ဦးမည်ဟု ပြောခဲ့ပါကြောင်း ထို(၇)ရက်အတွင်း စားဝတ်နေရေး စက်ရုံမှ တာဝန်မယူသောကြောင့် မြန်မာဘက်မှ လာရောက်ကူညီပေးလို့သာ အလုပ်သမားများ စားဝတ်နေရေး အဆင်ပြေခဲ့ပါကြောင်း၊"တင်ပြခဲ့ကြသည်။
အချိန် ၄ နာရီခန့်ကြာမြင့်သော ဆွေးနွေးပွဲတွင် မြန်မာအလုပ်သမားများဘက်မှ အလုပ်သမားကိုယ်စားလှယ်များက ၎င်းတို့၏ အခက်အခဲများအား အလုပ်သမားသံအရာရှိထံ တင်ပြခဲ့ကြပြီး ကော်မတီဝင်များကလည်း ကုမ္ပဏီဘက်မှ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်တင်ပြပြီးနောက် အလုပ်သမားသံအရာရှိမှ "အလုပ်သမားများကို အလုပ်ထုတ်လိုက်သည်မှာ ကြိုမပြောသည့်အတွက် အလုပ်သမားတစ်ဦးစီ၏ လျော်ကြေးအား ကုမ္ပဏီမှ ပေးကိုပေးရမည်ဖြစ်ကြောင်း နှင့် အလုပ်သမားများ၏ Passport အား အလုပ်ရှင်မှ သိမ်းဆည်းထားသည့် အတွက် ပြန်လည်ရရှိရန် တာဝန်ရှိသူများက ဆက်လက် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း နှင့် အလုပ်သမားများကို ပို့ဆောင်ပေးသော အေးဂျင့်ဘက်ကလည်း ကုမ္ပဏီအား တရားဆွဲရမည်ဖြစ်ကြောင်း" ပြောကြားသွားသည်။
"အလုပ်သမားရုံးက အကြီးအကဲဖြစ်သူက ပြဿနာကို ပူးပေါင်းဖြေရှင်းပေးမှာပါ၊ တရားမျှတမှုရှိစေရပါမယ်လို့ ပြောပေမဲ့လည်း အခု အစည်းအဝေးမှာ အလုပ်ရှင်သူဌေးကို လာရောက်ဖို့ မပြောနိုင်တာကတော့ ၀မ်းနည်းစရာပဲဗျာ၊ တကယ်ဆိုရင် မြန်မာဘက်က အလုပ်သမားသံအရာရှိလည်း လာတာပဲ သူတို့တွေ မလေးမစားလုပ်တာကတော့ လွန်တာပေါ့ဗျာ"ဟု မြန်မာအလုပ်သမားထဲမှ အမျိုးသားတစ်ဦးက ပြောလာသည်။
"ကျွန်မတို့အတွက်ကတော့ ဒီကုမ္ပဏီက ထွက်ရလို့ ၀မ်းလည်းမနည်းဘူး၊ လစာနှစ်ဆပေးမယ် အလုပ်ပြန်ဝင်ပါပြောလည်း ၀င်ဖို့ မစဉ်းစားတော့ဘူး၊ မန်နေဂျာ ခဏခဏ ပြောင်းနေတာနဲ့ အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်နေတာနဲ့ ဘယ်လိုပဲ လုပ်လုပ် ကျွန်မတို့ရတဲ့ လုပ်အားခက သူတို့ ခေါင်းပုံဖြတ်တာနဲ့ပဲ ပြန်ပါသွားမှာဘဲ"ဟု မြန်မာအလုပ်သမားထဲမှ အမျိုးသမီးတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ရင်ဖွင့်လာသည်။
"ကျွန်မတို့ လုပ်လာခဲ့ဖူးတဲ့ အထည်ချုပ်စက်ရုံတွေထဲမှာ ဒီ စက်ရုံက သူဋ္ဌေးနဲ့ မန်နေဂျာအပါအ၀င် တာဝန်ခံတွေက အလုပ်သမားတွေအပေါ် လျစ်လျူရှုဆုံးပဲ၊ နောက်မြန်မာအလုပ်သမားတွေလည်း ဒီကုမ္ပဏီမှာ အလုပ်ဝင်မိရင် ကျွန်မတို့လိုပဲ ခံစားရမှာသေချာတယ်"ဟု မြန်မာအလုပ်သမားထဲမှ တိုင်းရင်းသူ တစ်ဦးက ပြောပြသည်။
မယ်ဆိုင်မြို့ရှိ Prove Garment Co.,Ltd. အပိုင် အထည်ချုပ်စက်ရုံအား ကနေဒါနိုင်ငံသားများမှ ပိုင်ဆိုင်သည်ဟု သိရှိရပြီး ယခုပြောင်းလဲခန့်ထားသော မန်နေဂျာများမှာ ဖီလစ်ပိုင်နိုင်ငံသားဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
40 photos