ကျပ်သိန်းပေါင်း ၅၂၅၀ သိန်းခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ တာလေမြို့နယ်ခွဲ၌ ဖမ်းဆီးရမိ

ကျပ်သိန်းပေါင်း ၅၂၅၀ သိန်းခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ တာလေမြို့နယ်ခွဲ၌ ဖမ်းဆီးရမိ
အောက်တိုဘာ 4, 2013
By Tachileik News Agency

ကျိုင်းတုံ - တာချီလိတ်သွား ကားလမ်းမပေါ်ရှိ တာလေမြို့နယ်ခွဲ၊ နားယောင်းကျေးရွာအုပ်စု၊ နားအွမ်ကျေးရွာတွင် အောက်တိုဘာ ၄ရက် နံနက် ၃နာရီ မိနစ်အချိန်ခန့်က ကျိုင်းလပ် - တာလေမြို့နယ်ခွဲဘက်မှ တာချီလိတ်ဘက်သို့ မောင်းနင်လာသော ကားပေါ်မှ ကျပ်သိန်းပေါင်း ၅၂၅၀ ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို မူးယစ်ဆေးဝါးတားဆီးကာကွယ်နိမ်နင်းရေး ရဲတပ်ဖွဲ့၏ တပ်ဖွဲ့စု (၃၀) တာချီလိတ်၊ တို့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့က တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်းခဲ့ကြကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးကာကွယ်နိမ်နင်းရေးရဲတပ်ဖွဲ့၏ တပ်ဖွဲ့စု (၃၀) တာချီလိတ်၊ တို့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ ကျိုင်းလပ် - တာလေမြို့နယ်ခွဲဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသော တရုတ်နိုင်ငံလုပ် အဖြူရောင်မော်တော်ယာဉ်အား နှစ်ဖွဲ့ခွဲပိတ်ဆို့၍ ဖမ်းဆီးရာ ကားပေါ်တွင် ယာဉ်မောင်းတစ်ဦးတည်း ပါရှိနေပြီး အဆိုပါ ယာဉ်မောင်းဖြစ်သူ ဦးစိုင်းxxx ၏ ခါးကြားတွင် ကျည်အသင့်ထိုးထားသော အီတလီနိုင်ငံလုပ် Pietro Beretta အမျိုးအစား စတီးရောင် သေနတ် ၁ လက်၊ ကျည် ၅ တောင့်နှင့် ကျည်ကဒ် ၁ခု တို့အား တွေ့ရရှိကြောင်း နှင့် ယာဉ်နောက်ခန်းအား ဆက်လက်၍ ရှာဖွေရာ ကဖင်း (caffeine)များ တွေ့ရှိရကြောင်း သိရသည်။

ကားနောက်ခန်းတွင် တွေ့ရှိရသော ကဖင်း (caffeine)များမှာ ၁အိတ်လျှင် အလေးချိန် ၂၅ ကီလိုပါသည့် ၂၈၀ အိတ်ဖြစ်ပြီး စုစုပေါင်း ကီလို ၇၀၀၀ ရှိရာ ကဖင်း ၁ ကီလိုလျှင် ကျပ် ၇၅၀၀၀နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း ၅၂၅၀ ခန့် ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသော ဦးစိုင်းxxxအား  သက်ဆိုင်ရာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေရဲစခန်းမှ မယဂ(ပ)၂/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၆(ခ)/၂၂(ခ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်ဖော်ထုတ်ရန်အတွက် ဆက်လက်၍ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬