မြန်မာ - ထိုင်း နယ်စပ်မြို့တစ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့)ပိုင်း၊ တာချီလိတ်မြို့မကာဟိုခမ်းရပ်ကွက်၊
မယ်ဆိုင်ချောင်းရှိ မေဖလားဝါးကွင်း ရေဆိပ်အနီးတွင် ကျပ်သန်းပေါင်း ၁၉၉၉၉.၅ ခန့် တန်ဖိုးရှိသည့် ဘိန်းဖြူ ဘလောက်တုံးများအား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ၂၁.၁၀.၂၀၁၃ နံနက် ၃နာရီ အချိန်ခန့်က တရားခံနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါး သတင်းအရ မေဖလားဝါးကွင်း ရေဆိပ်အနီးတွင် လျှို့ဝှက်နေရာယူ၍ စောင့်ဆိုင်းနေကြစဉ် မောင်တာxxx သည် ဆိုင်ကယ်ပေါ်တွင် ဆာလာအိတ်များဖြင့် အထုပ်များကို သယ်ဆောင်လာပြီး ဆိုင်ကယ်ဖြင့် စီးနင်းလာစဉ် လျှို့ဝှက်စောင့်ဆိုင်းနေသော အဆိုပါ ပူးပေါင်းအဖွဲ့မှ ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရာ မောင်တာxxx မှာ ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့မှ လုံးထွေး ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိချိန်တွင် ဆိုင်ကယ်နှင့် ပစ္စည်းချထားသည့် နေရာအား ရှာဖွေ စစ်ဆေးရာ ဆိုင်ကယ်ပေါ်မှ ဆာလာအိတ်တစ်အိတ်နှင့် ဆိုင်ကယ်ဘေး ခြုံစပ်တွင် ထားရှိသည့် ဆာလာအိတ် ၃ အိတ် စုစုပေါင်း ဆာလာအိတ် ၄ အိတ်အားတွေ့ရှိရပြီး ဆာလာအိတ်များအား ဖွင့်ဖောက်စစ်ဆေးရာ ၁တုံးလျှင် အလေးချိန် ၁၃၃.၃၃ ကီလို ရှိသည့် ဘိန်းဖြူ ဘလောက်တုံး အတုံး ၄၀၀ အားရှာဖွေတွေ့ရှိရပြီး ဘိန်းဖြူဘလောက်တုံး ၄၀၀ ၏ စုစုပေါင်း ကာလတန်ဖိုး မှာ ကျပ်သန်းပေါင်း ၁၉၉၉၉.၅ သန်းခန့်ရှိကြောင်း သိရှိရသည်။
ဘိန်းဖြူဘလောက်တုံးများနှင့်အတူ လက်ဝယ်တွေ့ရှိရသည့် မောင်တာxxx အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၃၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
"တာချီလိတ်မှာ မူးယစ်ဆေးဝါးတွေ များများ ဖမ်းပေးတဲ့အတွက် ကောင်းပါတယ်၊ အဲ့လိုမှ ထိုင်းဘက်က မြန်မာဘက်ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် ဖမ်းတာဆီးတာ မရှိဘူးလို့ ပြောရဲတော့မှာ မဟုတ်ဘူး၊ နောက်ပြီး တာချီလိတ်မြို့ထဲမှာရှိတဲ့ မူးယစ်ဆေးဝါး ရှုတဲ့ လူတွေကို နည်းနည်းစီ ရောင်းပေးတဲ့ အိမ်တွေကိုလည်း အမြစ်ပြတ်ဖမ်းဆီးတာမျိုးတွေ လုပ်မယ်ဆိုရင် သုံးစွဲသူတွေအနေနဲ့ လျော့ပါးနိုင်မယ်လို့ ထင်ပါတယ်"ဟု ဆန်ဆိုင်းရပ်ကွက်နေ လုပ်ငန်းရှင်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~