ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင် နမ့်ခမ်းမြို့၌ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရတ တမခ(၈၈)တပ်ဖွဲ့ဝင်များ၊ နမ်းခမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ နမ့်ခမ်းမြို့ ပြည်သူ့စစ်အဖွဲ့ဝင်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မေလ(၁၃)ရက် ည (၁၁း၃၀)နာရီအချိန်ခန့်က ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၈၁၈)သိန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို တရားခံနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ နမ့်ခမ်းမြို့၊ အမှတ်(၂)ရက်ကွက်၊ နောင်စန့်ကုန်းလမ်းဆုံ၌ အဆိုပါ ပူးပေါင်း အဖွဲ့တို့သည် ရရှိထားသော မူးယစ်ဆေးဝါး သတင်းအရ ပိတ်ဆို့စောင့်ဆိုင်းနေစဉ် ဆယ်လန့်ကျေးရွာဘက်မှ နမ့်ခမ်းမြို့ဘက်သို့ မောင်လီကျားရှန်း မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ရှေ့ဂွကြားတွင် တင်ဆောင်လာသည့် BZXILU စာတန်းပါ စစ်ကျောပိုးအိတ်အတွင်းမှ တံဆိပ်မပါသည့် ဘိန်းဖြူဘလောက်တုံး အဖြူရောင်တုံး (၁)တုံးလျှင် (၃၅၀)ဂရမ်ခန့်ရှိသည့် (၉)တုံး၊ အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသည့် ဘိန်းဖြူမှုန့် အလေးချိန်(၀.၃၅)ကီလိုခန့်ပါသည့် (၁)ထုတ် စုစုပေါင်း ဘိန်းဖြူ (၃.၅)ကီလိုခန့်ကို ရှာဖွေတွေ့မိရာ အဆိုပါ ဘိန်းဖြူများ၏ ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၇၀၀)ခန့်ရှိကြောင်း သိရသည်။
ဆက်လက်၍ ရှာဖွေရာ အဆိုပါ စစ်ကျောပိုးအိတ်ထဲမှပင် မိုင်းကိုင် စက္ကူအတွင်း အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်ငယ်များဖြင့် ထည့်ထားသည့် 88 နှင့် 1 စာတန်းတစ်ဖက်စီပါသော ပန်းရောင် စိတ်ကြွရှုးသွပ်ဆေးပြား (၁)အိတ်လျှင် (၁၉၈)ပြားစီပါသော အိတ်ငယ်(၃၀)အိတ်ကို ရှာဖွေတွေ့ရှိရာ စုစုပေါင်း ဆေးပြားမှာ ( ၅၉၄၀ )ပြားရှိပြီး အဆိုပါ ဆေးပြားများ၏ ကာလတန်ဖိုးငွေ စုစုပေါင်းမှာ ကျပ်ငွေ (၁၁၈.၈)သိန်းရှိကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ အသက် (၂၉)နှစ်ရှိ မောင်လီကျားရှန်းအား နမ့်ခမ်းမြို့မရဲစခန်းမှ မယ(ပ)၂၈/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(ခ)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။