ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အဖြစ် တာချီလိတ်၌ သစ်ပင် ၄၀၀ စိုက်ပျိုး

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အဖြစ် တာချီလိတ်၌ သစ်ပင် ၄၀၀ စိုက်ပျိုး
ဇွန် 5, 2014
By Tachileik News Agency

ယနေ့ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့နယ်၊ တာလော့ရပ်ကွက်ရှိ အခြေခံမူလတန်းလွန်ကျောင်းတွင် တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီး၍ ဆိုင်းဘုတ်တင်ခြင်း၊ ဟောပြောခြင်း နှင့် သစ်ပင်စုစုပေါင်း အပင် (၄၀၀) စိုက်ပျိုးခြင်း စသည့် အခမ်းအနားများကို တပြိုက်နက်တည်း ယနေ့ နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထိမ်းအမှတ်အဖြစ် မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းတင်မှ "ရာသီဥတု ပြောင်းလဲမှုကြောင့် အာရှဒေသတွင် ပေါ်ပေါက်လာနိုင်သော ကျန်းမာရေး ပြဿနာများမှာ ငှက်ဖျား နှင့် အခြားကူးစက်ရောဂါများဖြစ်ကြောင်း၊ ၂၀၀၀ခုနှစ်အတွင်း အရှေ့တောင်အာရှဒေသနှင့် တောင်အာရှဒေသတွင် ဖြစ်ပွားသော ကာလ၀မ်းရောဂါနှင့် အာဟာရချို့တဲ့မှုတို့မှာ ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကြောင့်ဖြစ်ကြောင်း နှင့် အပူပိုင်းနှင့် သမပိုင်းအာရှဒေသရှိ မှီတင်းနေထိုင်ကြသူများ သေကြေပျက်စီးမှု အရေအတွက် များပြားလာနိုင်ကြောင်း ယင်းအတွက် "ပင်လယ် မျက်နှာပြင် မြှင့်တက်လာမှု တားဆီးဖို့၊ လှုပ်ရှားမှု အသံတွေ မြှင့်တင်စို့"ဟူသော ဆောင်ပုဒ်ကို လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း"စသည့်ဖြင့် အဖွင့်အမှာစကားပြောကြားသွားသည်။

ဆက်လက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ပါဝင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် သစ်တောဦးစီးအရာရှိ ဦးထွန်းတင် နှင့် သစ်တောဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် အ.မ.က(မူလွန်)တာလော့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကောင်ခမ်း နှင့် ဆရာမများ စသည်တို့မှ အ.မ.က(မူလွန်)တာလော့၏ သတ်မှတ်နေရာတွင် သစ်ပင်ပေါင်း (၄၀၀)ကို တစ်ပြိုင်နက်တည်း စိုက်ပျိုးခဲ့ကြသည်။

ယနေ့ စိုက်ပျိုးသည့် သစ်ပင်များတွင် ရေတမာအပင်(၁၀၀)၊ ပျဉ်းကတိုး အပင်(၃၀)၊ ကျွန်း အပင်(၅၀)၊ မဟော်ဂနီ အပင်(၂၀)၊ စိန်ပန်းကြီး အပင်(၅၀)၊ ဗန်ဒါ အပင်(၅၀)၊ ကဗွီး အပင်(၃၀)၊ စိန်တံချူ (၂၀) နှင့် စွယ်တော်ပင် (၅၀) စသည့် အပင်ပေါင်း (၉)မျိုး ပါဝင်ကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~