ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့သည် ယခုအခါမှာ ဖွံ့ဖြိုးတိုးတက်လာသည် ဖြစ်သော်လည်း ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်ရှိ လမ်းဘေးပလက်ဖောင်းမြောင်းများ၏ အချို့သော နေရာများတွင် မြောင်းပလက်ဖောင်းများ၏ မြောင်းအဖုံးများမှာ ပျက်ဆီးယိုယွင်းနေမှုဖြစ်ပေါ်နေလျက်ရှိရာ ဇွန်လ(၂)ရက်နေ့ နံနက်(၁၀)နာရီ ၀န်းကျင်က အသက်(၇၅)နှစ်ရှိသည့် အဖွားအိုတစ်ဦးသည် မြို့လယ်မြောင်းထဲ ချော်ကျကာ ဇောက်ထိုးဖြစ်ပြီး ထိုင်းနိုင်ငံ ဆေးရုံတွင် ဆေးဝါးကုသမှုခံယူရင်း (၂)ရက်အကြာမှာ ကွယ်လွန်သွားကြောင်း သိရသည်။
( ကွယ်လွန်သူ ဒေါ်နန်းတစ် အသက်[75]နှစ် )
ဖြစ်ပွားပုံမှာ ဇွန်လ(၂)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်က အသက်(၇၅)နှစ်ရှိ အဖွား ဒေါ်နန်းတစ်သည် ၎င်း၏ နေအိမ်မှ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်သို့အသွား လမ်းခုလတ်ဖြစ်သော ကြယ်တံခွန် စတိုးဆိုင်သို့အကူး စိန် လက်ဖက်ရည်ဆိုင်ဟောင်းထောင့်ရှိ ပလက်ဖောင်းမြောင်းအဖုံးပျက်ထဲသို့ ရုတ်တရက် ချော်ကျသွားရာ ဦးခေါင်းမှာ အဆိုပါ မြောင်းထဲသို့ ဇောက်ထိုးအနေအထား ဖြစ်ခဲ့ပြီး မြောင်းထဲမှ ရေအညစ်အနွမ်းများမှာ အဆုတ်ထဲသို့ ၀င်ရောက်ခဲ့သည့်အပြင် လည်ဆစ်မှာ လွဲသွားခဲ့သည့်အတွက် အရေးပေါ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်ရှိ ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသထားရာ နှစ်ရက်အလွန်ဖြစ်သည့် ဇွန်လ(၄)ရက်နေ့တွင် ကွယ်လွန်သွားတာဖြစ်ကြောင်း သိရသည်။
"မြောင်းထဲမှာ ဘယ်လောက်ကြာကြာ ဇောက်ထိုးဖြစ်နေလဲတော့မသိဘူး၊ အနီးအနားကလူတွေကလည်း သေမှုသေခင်းဆိုရင် အမှုပတ်မှာ ကြောက်လို့ထင်တယ်၊ ဒီအတိုင်းပဲ မဆယ်ပေးပဲ သွားလာနေကြတယ်၊ အဲ့ဒီအချိန်မှာ သုံးပွင့်နဲ့ ရဲတစ်ယောက်က ကြယ်တံခွန်မှာ ဈေးလာဝယ်ရင်း လှမ်းတွေ့လို့ ထူပေးမှပဲ မြောင်းပျက်ထဲက ဆယ်ပေးဖြစ်ပြီးနောက် အဲ့ဒီအဖွားရဲ့ မိသားစုတွေကို အသိပေးပြီး ဆေးရုံပို့ပေးဖြစ်တယ်"ဟု မျက်မြင်သက်သေတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
( မြောင်းအဖုံးပျက်ဆီးနေလျက်ရှိသည့် မြင်ကွင်း )
"မြို့လယ်ခေါင်မှာ လမ်းဘေးပလက်ဖောင်းမြောင်းတွေကို မဖုံးမအုပ်ထားတာဟာ အခုလို သက်ကြီးရွယ်အိုတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အရမ်းအန္တရာယ်ရှိတယ်၊ ကျောင်းရှေ့နားမှာရောပဲ ပလက်ဖောင်းမြောင်းကို မဖုံးပဲ ဒီအတိုင်းထား ထားတာ၊ သက်ဆိုင်ရာတွေ အနေနဲ့ ပလက်ဖောင်းမြောင်းကို ဖုံးအုပ်ဖို့အရေးကို အကုန်အကျများလို့ မလုပ်တာလားလို့ မေးလိုက်ချင်တယ်ရှင်.."ဟု ကျောင်းသားမိခင်တစ်ဦးမှလည်း ပြောသည်။
( မြောင်းအဖုံးပျက်ဆီးနေလျက်ရှိသည့် မြင်ကွင်း )
( မြောင်းအဖုံးပျက်ဆီးနေလျက်ရှိသည့် မြင်ကွင်း )
တာချီလိတ်မြို့သည် နယ်စပ်မြို့ဖြစ်သည့်အပြင် နိုင်ငံခြားသားခရီးသွားဧည့်သည်များ သွားလာနေလျက်ရှိသော မြို့ဖြစ်သည်။
သတင်း။ ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]