တာချီလိတ်မြို့ သာယာလှပရေးနှင့် ပြည်သူများဘေးအန္တရာယ် ကင်းရှင်းရေးအတွက် တာချီလိတ်ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့မီးလင်းရေးကော်မတီတို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားထိပ်အ၀ိုင်းမှ စတင်ကာ လိုအပ်လျှက်ရှိသော နေရာများတွင် လေအားနှင့် ဆိုလာစနစ်သုံး လမ်းမီးတိုင် (၂၁) တိုင် စိုက်ထူမှုလုပ်ငန်းအား ဆောင်ရွက်လျှက်ရှိရာ ဇွန်လ (၇)ရက် မွန်းလွဲပိုင်းတွင် တာချီလိတ် ရွှေတိဂုံစေတီတော်ရင်ပြင်၌ (၂၁)တိုင်မြောက် လမ်းမီးတိုင်အား အောင်မြင်စွာစိုက်ထူပြီးစီးသွားပြီဖြစ်သည်။
တာချီလိတ်မြို့ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် မြို့မီးလင်းရေးကော်မတီသည်အလူရာကုမ္ပဏီနှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားများကိုဝယ်ယူကာ ဖြန့်ဖြူးပေးလျှက်ရှိရာတွင် ရံဖန်ရံခါ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပွားပါက မြို့တွင်းသွားလာနေကြသည့်အများပြည်သူလုံခြုံရေးအတွက် လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးတိုင်များအား တစ်တိုင်လျှင် ဘတ် (၃)သောင်းနှုန်းဖြင့် ၀ယ်ယူကာ စုစုပေါင်း (၂၁)တိုင်အား တပ်ဆင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
(၂၁)တိုင်မြောက် ဆိုလာမီးတိုင်အား ရွှေတိဂုံစေတီတော်ရင်ပြင် ကားပါကင်ထိပ်တွင်အောင်မြင်စွာ စိုက်ထူနေမှုအား လာရောက်လေ့လာသည့် ဦးထွန်းနေဦး+ဒေါ်ခင်ခင်ချို( ဟိုတယ်တာချီလိတ်) မိသားစုမှ သဒ္ဓါပေါက်ကာ ရွှေတိဂုံစေတီတော် မုဉ်ဦးတွင်ထပ်မံစိုက်ထူရန်အတွက် လေအားနှင့် ဆိုလာစနစ်သုံး လမ်းမီးတိုင် နှစ်တိုင်အတွက် အလှူငွေ ဘတ်၆သောင်းအား ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ၊ မြို့မိမြို့ဖ ဦးမောင်လေး ၊ မီးလင်းရေးကော်မတီ ဒုဥက္ကဌ ဦးကြည်မြင့်နှင့် တာဝန်ရှိသူများက လက်ခံရယူကာ ၀မ်းမြောက်သာဓုခေါ်ဆိုခဲ့ကြကြောင်း သိရှိရသည်။