အပတ်စဉ် စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေးအဖြစ် တာချီလိတ်ပြည်သူ လူထုများမှ စုပေါင်းဆောင်ရွက်

အပတ်စဉ် စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေးအဖြစ် တာချီလိတ်ပြည်သူ လူထုများမှ စုပေါင်းဆောင်ရွက်
နိုဝင်ဘာ 15, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်ရေးအပြင် မြို့နယ်လုံးကျွတ် လိုက်ပါ၍  သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်မှုများတွင် ပြည်သူ၊ ပြည်သားပီပီ တာဝန်သိတတ်စွာ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် တာချီလိတ်တွင် အပတ်စဉ် စနေနေ့တိုင်း လူထုပါဝင်သည့် သန့်ရှင်းရေးများကို ပြုလုပ်လျက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံအတွင်း စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

ယနေ့ နိုဝင်ဘာလ (၁၅)ရက်နေ့တွင် အမှိုက်ကင်းစင်ရေးအတွက် မကာဟိုခမ်းရပ်ကွက်ရှိ ပြည်သူ့ဆေးရုံ အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရာတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် စည်ပင်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း တို့မှ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် လူငယ်ပါတီဝင်များ၊  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၀င်များ၊ မေတ္တာရှင်(သာရေး/နာရေး) ကူညီမှုအသင်းမှ အသင်းသား၊ အသင်းသူများ၊ ရွှေတာချီခရီးသွားလုပ်ငန်း (လူမှုကူညီရေး အသင်း)မှ အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် အသင်းသားများ ( Taxi ပြေးဆွဲသူများ)၊ မဇ္ဈိမလူမှုကူညီရေး အသင်းနှင့် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ အ.ထ.က(တာချီလိတ်)မှ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ စသည်တို့မှ တက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်ကြတာကို တွေ့ရှိရသည်။

ပြည်သူလူထု ပါဝင်သည့် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဆေးရုံအတွင်း ရှင်သန် ကြီးထွားနေသော မြက်ပင်များအား မြက်ဖြတ်စက်ဖြင့် ရှင်းလင်းခြင်း၊ အမှိုက်များအား လှဲကျင်းခြင်း စသည်တို့ကို တက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်ကြသည်။

"အခုလို စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေး လုပ်ကြတော့ တဖြေးဖြေးနဲ့ အမှိုက်ကင်းစင်ရေး အသိတွေ ရှိလာမှာပေါ့၊ အဲ့ဒီအပြင် စုပေါင်းလုပ်ကြတဲ့အတွက် စည်းလုံးမှုရှိစေတယ်လို့ မြင်မိပါတယ်"ဟု စုပေါင်းသန့်ရှင်းရေးတွင် ပါဝင်သူ လူမှုရေးအသင်းအဖွဲ့မှ အသင်းဝင်တစ်ဦးကလည်း ပြောလာသည်။

တာချီလိတ်မြို့အတွင်း သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူလူထုပါဝင်သည့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုအား ၂၀၁၄ခုနှစ် စက်တင်ဘာလအတွင်းက ဆောင်ရွက်ကြတာဖြစ်ပြီး ဆက်လက်၍လည်း  နိုင်ငံကြီးသားပီသစွာ တာချီလိတ်အတွင်း စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေးနှင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာနိုင်ရေးတို့အတွက် အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးများ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
အပတ်စဉ် စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေးအဖြစ်..................

69 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~