ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂၉)ရက် နေ့လယ်(၂း၁၅)နာရီ အချိန်ခန့်က တာချီလိတ်မြို့နယ်၊ အောင်မြတ်ခန်းမထောင့် ဗိုလ်ချုပ်လမ်းမပေါ်တွင် သုံးဘီးဆိုင်ကယ် နှင့် မှန်လုံကားတစ်စီး အရှိန်ပြင်းစွာ မတော်တဆ တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မယ်ဆိုင် နှင့် တာချီလိတ်သို့ ခေါက်ပြန် ပစ္စည်းပို့ဆောင်နေသော မှန်လုံကားတစ်စီးသည် ပုံမှန်လမ်းပေါ်တွင် မောင်းနှင်လာပြီး ၎င်းကား၏ အရှေ့တွင် မောင်းနှင်နေသော ကားတစ်စီးအား ကျော်တက်သည့်အခါ တစ်ဖက်မှ မောင်းနှင်လာသော သုံးဘီဆိုင်ကယ်အား မမြင်တော့ဘဲ ဘေးချင်းထိပ်တိုက် မတော်တဆ ဖြစ်ပွားရာမှ မှန်လုံကားမှာ အရှေ့နှင့်ဘေးမှန်များ ကွဲကြေသွားပြီး နဘေးကားတံခါးမှာလည်း ပျက်စီးသွားခဲ့သလို သုံးဘီးဆိုင်ကယ်မှာလည်း ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
"အခု ကိစ္စမှာတော့ သုံးဘီးဆိုင်ကယ် မမှားဘူး၊ ကားက ကျော်တက်တော့ အခုလိုဖြစ်ရောပေါ့၊ ဒါပေမဲ့ သုံးဘီးဆိုင်ကယ်တွေ မောင်းတာ ကြမ်းတယ်၊ သူတို့တွေ ဆင်ဆင်ခြင်ခြင်လေး မောင်းကြရင် ကောင်းမယ်၊ ဖြစ်လာရင် ကိုယ်ဘဲခံရမှာ.."ဟု အဆိုပါကိစ္စနှင့် ပတ်သက်၍ မြင်တွေ့ရသူ တစ်ဦးကလည်း ပြောလာသည်။
ထိုသို့ ဖြစ်ပွားရာတွင် နှစ်ဦးနှစ်ဖက် ယာဉ်မောင်းသူများမှာ ပြင်းထန်သည့် ဒဏ်ရာ ရရှိသွားခြင်း မရှိသော်လည်း ယာဉ်များ ပျက်စီမှုများရှိခဲ့သည့် အတွက် အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် အရေးယူ ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။
သတင်း ။ ။ ကိုဇောင်း