အ.ထ.က(တာချီလိတ်)၌ နွယ်သာကီ ကျောင်းဆောင်သစ် ဖွင့်လှစ်

အ.ထ.က(တာချီလိတ်)၌ နွယ်သာကီ ကျောင်းဆောင်သစ် ဖွင့်လှစ်
ဒီဇင်ဘာ 12, 2014
By Tachileik News Agency

တာချီလိတ်မြို့တွင် ၁၉၅၅ခုနှစ်မှ စ၍ မူလတန်းအဆင့်မှ ယနေ့ ၂၀၁၄ခုနှစ် အချိန်ထိ အထက်တန်း အဆင့်တို့ဖြင့် အတန်းပညာများကို သင်ကြားပေးနိုင်ရန်အတွက် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ အထက်တန်းကျောင်း (တာချီလိတ်)၏ ကျောင်းဆောင်သစ်ဖြစ်သော "နွယ်သာကီ"ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၁၂)ရက် နံနက်(၈)နာရီ အချိန်က ကျင်းပပြုလုပ် ခဲ့ကြသည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့်  ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ဌေး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ကျောင်းဆောင်သစ်၏ စာသင်ခန်းများ အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဖွင့်ပွဲပြီးသည့်နောက်မှာ ကျောင်းဆောင်သစ်လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်ရာ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အမှာစကားပြောကြားပြီးနောက် ကျောင်းအကျိုးတော်ဆောင် ဦးဇော်မြင့်က ကျောင်းဆောင်သစ် ဆောက်လုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို ကျောင်းအုပ်ဆရာကြီး ဦးလှဝင်းထံ အိမ်မက်ရွာဆောက်လုပ်ရေးကုမ္ပဏီမှ လွှဲပြောင်းပေးအပ်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ကွန်ပျူတာ (၂)စုံနှင့် အားကစားပစ္စည်းများကို ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက  ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်လှူဒါန်းသည်။

 ယင်းနောက် ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးရေး အဖက်ဖက်မှ ၀ိုင်းကူညီပေးမှုများနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအား ပြီးမြောက်စေခဲ့ကြသည်။

အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် စာသင်ဆောင်များအနေဖြင့် ယုဇနဆောင်၊ ခရေဆောင်၊ စိန်ပန်းဆောင်၊ ပိတောက်ဆောင်၊ သရဖီဆောင်၊ ကံ့ကော်ဆောင်၊ ပြည်ထောင်စုဆောင်၊ ပြင်ဦးလွင်ဆောင်၊ စံပယ်ဆောင် နှင့် ယခု အသစ်ဖွင့်လှစ်သည့် နွယ်သာကီအဆောင် အပါအ၀င် စုစုပေါင်း စာသင်ကျောင်းဆောင် (၁၀)ဆောင်ရှိပြီး စာသင်ကျောင်းခန်းများအနေဖြင့် စုစုပေါင်း ( ၇၇ ) ခန်း ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် ဦးရေ စုစုပေါင်း (၃၄၃၀)ကျော် ရှိရာ စာသင်ကျောင်းဆောင်များ လုံလောက်မှုမရှိသည့်အတွက် ကျောင်းဆောင်သစ်များ ဆောက်လုပ်ရာ ယခုအခါမှာ  ကျောင်းဆောင်ပေါင်း (၁၀)ဆောင်ရှိလာပြီးနောက် ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၁၂)ရက်နေ့က စ၍ ယနေ့ အချိန်ထိ တစ်သုတ်တက်ကျောင်းအဖြစ် သတ်မှတ်ကာ ဖွင့်လှစ်သင်ကြားနေလျှက် ရှိကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~