ဘုရားမီးပူဇော်ထားရှိသည့် လျှပ်စစ်မီးကြိုးမှတဆင့် အပူလွန်ကဲကာ ၀ါယာရှော့ခ်ဖြစ်ပြီး နေအိမ်အတွင်း မီးလောင်ကျွမ်းသွားသည့် ဖြစ်စဉ်တစ်ခု ယနေ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့ နံနက် (၅း၁၅)နာရီဝန်းကျင် အချိန်က တာချီလိတ်မြို့နယ် ဆန်ဆိုင်း(ခ) ရပ်ကွက်၌ ဖြစ်ပွားခဲ့ရာ နေအိမ်အတွင်းရှိ အသုံးအဆောင် ပစ္စည်းများ မီးလောင်ကျွမ်းမှုထဲ ပါဝင်သွားကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ အိမ်အမှတ် (၄/၁၁၃)တွင် လျှပ်စစ်အသုံးပြုပြီး ဘုရားမီး ပူဇော်ထားရှိရာမှ လျှပ်စစ်ဝါယာကြိုးမှာ အပူလွန်ကဲကာ တဆင့် မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး မီးစတင် လောင်ကျွမ်းသည့်အချိန်မှာ နံနက်(၅း၁၅)နာရီဝန်းကျင် ဖြစ်သည့်အတွက် (၅း၄၅)နာရီအချိန်ခန့်မှ မီးငြိမ်းသွားပြီး မီးငြိမ်းသတ်နိုင်ရန်အတွက် ရေ(၂၄၀၀)ဂါလံခန့် အသုံးပြုခဲ့ရကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် ဦးဆောင်သည့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်(၃)စီးဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရကြောင်း သိရသည်။
ဘုရားမီးပူဇော်ထားရှိသည့် လျှပ်စစ်မီးကြိုးမှတဆင့် ၀ါယာရှော့ခ်ဖြစ်ကာ နေအိမ်မီးလောင်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ နေအိမ်တွင် နေထိုင်သူ ဒေါ်နန်းနွတ်နွတ်အား တာချီလိတ်မြို့မရဲတပ်ဖွဲ့စခန်းမှ
မီးလောင်မှုဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။
၂၀၁၄ခုနှစ်၏ ဒီဇင်ဘာလ အတွင်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၀)ရက်ကလည်း တာချီလိတ်မြို့နယ်၊ တာလော့ရပ်ကွက် အတွင်း၌ ဘုရားမီးပူဇော်ထားရှိသည့် လျှပ်စစ်မီးကြိုးမှတဆင့် ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ ယခုဖြစ်စဉ်အပါအ၀င် ၂၀၁၄ခုနှစ်အတွင်း တာချီလိတ်မြို့နယ်၌ မီးလောင်ကျွမ်းမှု (၇)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
သတင်း ။ ။ ကိုဇောင်း