ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖေါ်မှုအဖြစ် ယနေ့ ၂၀၁၄ ဒီဇင်ဘာ၂၄ ရက်တွင် တာချီလိတ်မြို့မ (၀မ်ကောင်း)ဈေးမှ (၈၆)ခုံတန်း ပျံကျဈေးသည်များသည် ကြွေးကြော်ချက် (၈)ချက်ကို ကြွေးကြော်ကာ ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းများအား ပြုလုပ်ခဲ့သည်။
“ကျွန်တော်တို့ ပျံကျ(၈၆)ခုံတန်း ဈေးသူဈေးသားတွေက မြို့နယ်စည်ပင်သာယာရေး ကော်မတီကို မူလဆိုင်ခန်းရရှိဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်၊ ညှိနှိုင်းဆွေးနွေးခဲ့တယ်၊ ဒါကို သူတို့မလုပ်ပေးနိုင်ဘူး ပြည်သူ့လွှတ်တော်မှာ ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက အဆိုတင်သွင်းပြီး မေးခွန်းမေးခဲ့တာလဲ သူတို့ လစ်လျှူရှုထားတယ် လွှတ်တော် ကိုယ်စားလှယ် တွေကိုတောင် လစ်လျှူရှုထားတယ်ဆိုတာ တကယ်တော့ လွှတ်တော်ကြီးကို မထီမဲ့မြင်ပြုထားတာဘဲ”ဟု ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဦးလှခင်က ပြောသည်။
တာချီလိတ်မြို့မ (၀မ်ကောင်း)ဈေးရှိ (၈၆)ခုံတန်း ပျံကျဈေးသူဈေးသားများမှ ဆန္ဒထုတ်ဖော်မည့် အစီအစဉ်ကို နံနက်(၈)နာရီအချိန်တွင် မဟာမြတ်မုနိဘုရားကြီးကျောင်းနှင့် နမ့်ယွန်းချောင်းဘေး လမ်းသွယ်၌ စုရပ်အဖြစ် သတ်မှတ်ထားကြပြီး နံနက်(၉း၁၅)နာရီ အချိန်ခန့်တွင် စတင်ထွက်ခွာကာ ဗိုလ်ချုပ်လမ်းအတိုင်း လှည့်လည်ပြီး လွတ်လပ်ရေးကျောက်တိုင် အနီးမှတဆင့် အမှတ်(၂) ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အနီးရှိ မြို့နယ်စည်ပင်သာယာရေး ဌာနရုံးရှေ့တွင် ရပ်တန့်၍ ခွင့်ပြုချက် ရရှိထားသည့် အတိုင်း အချက်(၈)ချက်အား ကြွေးကြော်ခဲ့ပြီး ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဈေးတည်ဆောက်မှုကို တင်ဒါအောင်မြင်ပြီး တည်ဆောက်ခွင့်ရရှိခဲ့သော မင်းခေတ်သစ် ကုမ္ပဏီပိုင် နေရာတွင် ထပ်မံ ကြွေးကြော်ပြီး လူစုခွဲခဲ့ကြသည်။
“သက်ဆိုင်ရာက အရေးယူဆောင်ရွက်ပေးမှု မရှိရင်တော့ ကျွန်တော်တို့က ယခင်စည်ပင်သာယာရေး အရာရှိရယ်၊ ကုမ္ပဏီရယ်ကို တရားစွဲဆိုမှာဘဲ၊ သူတို့အတွက် ဒီဈေးခုံတစ်ခုံက ဘာမှမဟုတ်ပေမယ့် ကျွန်တော်တို့တွေအတွက် ဘ၀တွေပါ၊ ကျွန်တော်တို့ သားသမီးတွေရဲ့ အနာဂတ်ရှေ့ရေးတွေက ဒီဈေးခုံတွေပေါ်မှာရှိနေတာ”ဟု ဆန္ဒပြရာတွင် ပါဝင်သူ ဦးမြင့်စိုးကလည်း ပြောလာသည်။
“တော်တော်ထူးဆန်းတယ် တာချီလိတ်မှာ ဒါမျိုးဆန္ဒထုတ်ဖေါ်တယ်ဆိုတာ တစ်ခါမှမရှိဘူး၊တစ်ခြားမြို့တွေမှာသာရှိတာ ကျွန်တော်တို့မြို့က စီးပွားရေးမြို့ဆိုတော့ စီးပွားရေး အဆင်ပြေရင် အေးဆေးပါဘဲ အခုက သူတို့တကယ် ဒုက္ခရောက်နေလို့ ဖြစ်တာနေမှာပါ”ဟု ဒေသခံ ကိုနေမျိုးက ပြောသည်။
ဆန္ဒပြမှုတွင် တစ်စုံတစ်ရာ ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်စေရေးနှင့် ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦးတို့မှ အနီးကပ်လိုက်လံ ကြည့်ရှုခဲ့ကြပြီး အနီးကပ်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များက လိုက်ပါ စောင့်ကြည့်ခဲ့ကြတာကိုလည်း တွေ့ရှိရသည်။
အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဇင်ဦးက "ကျွန်တော်တို့ ဆန္ဒပြပွဲမှာ ကြွေးကြော်တဲ့ ကြွေးကြော်သံကတော့ (၁၁)ချက်ပါ။ ဒါပေမဲ့ ကျွန်တော်တို့က သုံးချက်ကို ဖျက်ချပြီးတော့ (၈)ချက်ပဲ ကျွန်တော်တို့ ကြွေးကြော်တယ်၊ ဆန္ဒပြတဲ့အချိန်မှာ နိုင်ငံတော်နဲ့ ငြိစွန်းတဲ့ အရာတွေ ဘာမှ မပါဘူး၊ ကျွန်တော်တို့ ဈေးရောင်းခဲ့တဲ့ နေရာတွေက (၁၅)နှစ်၊ အနှစ်(၂၀)ရှိတဲ့အတွက် (၈၆)နေရာကို ရရှိရန် ကျွန်တော်တို့ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်၊ အခုလို လုပ်ဆောင်တာဟာ တစ်ဦးတစ်ယောက် ကောင်းစားရေးအတွက် မဟုတ်ဘဲ၊ အများအတွက် လုပ်ဆောင်တာဖြစ်ပါတယ်"ဟု ဆန္ဒပြရခြင်းနှင့် ပတ်သက်၍ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။
"(၈၆)ခုံနေရာ အပြည့်အ၀ မြေညီထပ်မှာ ပြန်လည်ရရှိရေးအတွက် နံပါတ်(၁) ဦးစားပေး ဆန္ဒပြတာပါ၊ ဈေးသူဈေးသားတွေ အားလုံး နေရာရရှိရေး အတွက်လည်း ဒုတိယ ဦးစားပေးဖြစ်ပါတယ်၊ (၈၆)ခုံ နေရာကို မူလဈေးနှုန်းအတိုင်း သတ်မှတ်ထားတဲ့ ကျပ်ဆယ်သိန်းနဲ့ ရရှိအောင်အတွက် အဓိကထား ဦးစားပေးပြီး တောင်းဆိုခြင်းဖြစ်ပါတယ်၊ အခုလိုမှ လုပ်ဆောင်လို့မှ မရဘူးဆိုရင်တော့ တရားဥပဒေအရ ကျွန်တော်တို့ လမ်းကြောင်းအတိုင်း ဆက်လက်ပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်တွေရှိပါတယ်.."ဟု အဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမြင့်အောင်ကလည်း ပြောသည်။
ယခု ဆန္ဒထုတ်ဖော်ပွဲအဖြစ် ပြုလုပ်နိုင်ရေးအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ-၄ အရ စီတန်းလှည့်လည်ခွင့်ကို ပျံကျဈေးသည်များထဲက (၅)ဦးက ပျံကျဈေးသည်များ ကိုယ်စား ခွင့်ပြုတောင်းခံခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ခွင့်ပြုချက်ကို သက်ဆိုင်ရာထံမှ ဒီဇင်ဘာလ(၂၃)ရက်နေ့က ရရှိခဲ့ပြီးနောက် ယနေ့ ဒီဇင်ဘာလ(၂၄)ရက် နံနက်ပိုင်းမှာ ပျံကျဈေးသူ၊ဈေးသား (၁၀၀)ကျော်ပါဝင်၍ ငြိမ်းချမ်းစွာ စုဝေးလှည့်လည် ဆန္ဒထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သော ဒီဇင်ဘာလ(၅)ရက်နေ့က စည်ပင်သာယာရေးကော်မတီမှ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် "ဈေးသည်များသည် တစ်ဦးတည်းမှ (၄)ခုံ(၃)ခုံ ပိုင်ဆိုင်သူများ ရှိကြောင်း မိမိတို့အနေနှင့် မူလပိုင်ဆိုင်ထားမှုများမှာ တရားဝင်ခြင်း မဟုတ်သည့်အတွက် အပြည့်အ၀ ပြန်လည်ပေးအပ်နိုင်ခြင်း မရှိကြောင်း၊ လာရောက်စာရင်း မပေးသော(၃၉)ဦးမှာ ယင်းသို့ (၄)ခုံ(၃)ခုံ ပိုင်ဆိုင်သူများဖြစ်ပြီး မကျေနပ်သဖြင့် စာရင်းလာရောက်မပေးသူ များသာဖြစ်ကြောင်း၊ မိမိတို့မှာ တစ်ဦးလျှင် (၁)ခုံနှုန်းသာ မရ/မရှိမဖြစ်အောင် ဆောင်ရွက်ထားရှိကြောင်း၊ မူလဈေးဆိုင်ခန်း စာရင်းဝင် LF 44 စာရင်းဝင် ဈေးဆိုင်ခန်းများသာ အတည်ဖြစ်ပြီး ကျန်ဈေးဆိုင်ခန်းများမှာ ပျံကျဈေးဆိုင်ခန်းများဖြစ်ကြောင်း၊ မူလကောက်ခံခဲ့သော ပျံကျဈေးခုံပေါင်း (၁၉၃)သာရှိကြောင်း၊ ပြီးခဲ့သည့် ၂၇-၉-၂၀၁၄ ရက်နေ့က အောင်မြတ်ခန်းမ၌ မဲနှိုက်ရွေးချယ်မှုစနစ်ဖြင့် ပျံကျဈေးသည်များအား (၁၉၅)ခုံကို နေရာ ချထားပေးခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းကိစ္စအား မကျေနပ်သဖြင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အား လိပ်မူ၍ လက်မှတ်ထိုးတောင်းဆိုခဲ့သည်မှာ (၂၅၆)ဦးရှိကြောင်းနှင့် စည်ပင်သာယာရေး ကော်မတီမှ လျှောက်လွှာပြန်ခေါ်၍ လာရောက် လျှောက်ထားကြရာမှာလည်း လူဦးရေ(၄၀၀)ခန့် ပါဝင်လာကြောင်း တစ်ချို့မှာ ဈေးမရောင်းဘဲ ရောင်းသည်ဟု စာရင်းလာရောက် ပေးသူများလည်း ပါဝင်လာကြောင်း" အမှုဆောင်အရာရှိ ဦးကျော်ဇင်က ပြောကြားခဲ့သည်။
ပျံကျဈေးခုံတန်းနေရာ ပြန်လည်ရရှိရေးနှင့် ပတ်သက်၍ ဈေးသူ၊ ဈေးသားများ နှင့် သက်ဆိုင်ရာဌာနတို့ အကြိမ်အခါခါ ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ပြီးကြသော်လည်း ယနေ့အချိန်ထိ ညှိနှိုင်းမရ ဖြစ်နေပြီး ပျံကျဈေးသူ၊ ဈေးသားများမှ သတင်းစာရှင်းလင်းပွဲ နှစ်ကြိမ်၊ စည်ပင်သာယာရေးကော်မတီမှ တစ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ဈေးသစ်အား မကြာမီကာလအတွင်းမှာ ဖွင့်လှစ်တော့မှာ ဖြစ်သည့်အတွက် ပျံကျဈေးသူ၊ ဈေးသားများက ဆိုင်ခန်းနေရာ အမြန်ရရှိရေးအတွက် တရားဥပဒေနှင့်အညီ စီတန်းလှည့်လည်ကာ ဆန္ဒဖော်ထုတ်ပြသရခြင်း ဖြစ်ကြောင်း သိရှိရသည်။
သတင်း ။ ။ ကိုဇောင်း ၊ မင်းသုတ
ဓါတ်ပုံ ။ ။ ဇောင်းညီ
ပုံများကိုကြည့်ရန်
ဈေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲများ ( ခေါင်းစဉ်အလိုက် နိပ်၍ ဖတ်ရန် )
၁။ တာချီလိတ်မြို့မဈေးမှ နေရာပြန်လည်ရလိုသော ပျံကျဈေးသည်များ၏ သတင်းစာရှင်းလင်းပွဲ
၂။ တာချီလိတ်မြို့မဈေးမှ ပျံကျဈေးသည်များ၏ သတင်းစာရှင်းလင်းပွဲ ( ရုပ်သံ )
၃။ တာချီလိတ်မြို့မဈေးနှင့် ပတ်သက်၍ စည်ပင်သာယာရေး ကော်မတီ မှ မီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
၎။ ပျံကျဈေးသည်များနှင့် ပတ်သက်၍ စည်ပင်သာယာရေးကော်မတီမှ သတင်းစာရှင်းလင်း ( ရုပ်သံ )
၅။ တာချီလိတ်မြို့မဈေး ပျံကျအဖွဲ့မှ လက်ကျန် နေရာ ၂၀ ပြန်လည်ရရှိရေးအတွက် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်
၆။ မြို့မဈေးမှ ပျံကျဈေးသည်များ၏ ဒုတိယအကြိမ် သတင်းစာ ရှင်းလင်းပွဲ ( ရုပ်သံ )