မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တို့အကြား နှစ်နိုင်ငံပြည်သူများ ကူးသန်း သွားလာရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ ဖြေလျှော့နိုင်ရေး တွေ့ဆုံ ဆွေးနွေးပွဲအား ယနေ့ ဒီဇင်ဘာလ (၂၅)ရက် ဒေသစံတော်ချိန် မွန်းလွဲ (၁)နာရီခွဲအချိန်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ရဲတပ်ဖွဲ့စခန်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ထိုင်းနိုင်ငံ ချင်းရိုင်းပြည်နယ် လက်ထောက်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀ိလတ်စုမ်နာဖန်း ဦးဆောင်သော ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း ဦးဆောင်သည့် နယ်စပ်ဆက်ဆံရေးရုံးများကြီးကြပ်မှုကော်မတီ ( BLO ) အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( CNCMC) ကော်မတီဝင်များ တက်ရောက်ကြသည်။
မူးယစ်ဆေးဝါးများနှင့် စပ်လျဉ်း၍ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူး သန်းရွှေက မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး သုံးစွဲမှုကို အရေးယူဆောင်ရွက်ရန် မူး/စိတ်ပုဒ်မ ၁၅ အား ပြဌာန်းထားရှိကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ မူးယစ်ဆေးဝါး သုံးစွဲသူများအား တရားခံအဖြစ် သတ်မှတ်ခြင်း မရှိတော့ဘဲ နာတာရှည် ရောဂါတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများအပေါ် အရေးယူဆောင်ရွက်လျက်ရှိသည့် ပုဒ်မ ၁၅ အား ပြင်ဆင်ပြဌာန်းရန် ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါး သုံးစွဲသူများအား မူး/စိတ်ပုဒ်မ ၁၅ အရ သီးသန့် ဆေးစစ် အရေးယူထားခြင်းများမရှိကြောင်း၊ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင် ရောင်းချခြင်းနှင့် ထုတ်လုပ်သူများကို ဖမ်းဆီးရမိမှသာ သုံးစွဲသည့် မူး/စိတ်ပုဒ်မ ၁၅ ကို ထည့်သွင်းအရေးယူခြင်း ဖြစ်ကြောင်း နှင့် မူးယစ်ဆေးဝါး သုံးစွဲသည့် လူငယ်များကိုလည်း ဆေးဖြတ်လိုပါက အစိုးရ အသိအမှတ်ပြုထားသော ဆေးကုဂေဟာများတွင် မှတ်ပုံတင်ခြင်း၊ ဆေးကုသခြင်းနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အဓိက ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးသည်။
ဆီးစစ်ဆေးခြင်း နှင့် ပတ်သက်၍ မယ်ဆိုင်ရဲစခန်းမှူး ရဲမှူးကြီး နတ်ထ၀တ်က ဆီးစစ်ဆေးခြင်းကို မြန်မာနိုင်ငံသားများ သာမက မိမိတို့ ထိုင်းနိုင်ငံသားများကိုပါ ၎င်းတို့၏ ပုံသဏ္ဌာန်အား ကြည့်၍ စစ်ဆေးလျက်ရှိကြောင်း၊ ဆီးစစ်ဆေးရခြင်းမှာလည်း မူးယစ်ဆေးဝါး ၀င်ရောက်တတ်သည့် လမ်းကြောင်း တစ်လျှောက်၌ စစ်ဆေးခြင်းဖြစ်ကြောင်း ပြန်လည်ဆွေးနွေးလာသည်။
ထိုသို့ ဆွေးနွေးလာမှုကို မြန်မာအဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ဒုရဲမှူးကြီး ၀င်းထွန်းက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် နေ့ချင်းပြန် သွားရောက် လည်ပတ်သည့် မိမိတို့ မြန်မာနိုင်ငံသားများအား ဆီးစစ်ဆေး၍ ငွေတောင်းခံခြင်းများ မပြုလုပ်ရန်၊ မယ်ဆိုင်မြို့ရှိ Lotous ကုန်တိုက်သို့ သွားသည့် လမ်းပေါ်တွင် ဆီးစစ်ဆေးမှုများ မပြုလုပ်ရန် နှင့် မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိမှသာ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်သွားရန် မေတ္တာရပ်ခံခဲ့ပြီးနောက် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များမှ အချက်(၃)ချက်အား သဘောတူညီခဲ့ကြသည်။
နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များ၏ ဆွေးနွေးဆုံးဖြတ်ချက် (၃)ချက်အရ..
(၁) မြန်မာနိုင်ငံသားများအား ဆီးစစ်ဆေးခြင်းကို အတတ်နိုင်ဆုံး လျော့နည်း စစ်ဆေးသွားရန်၊
(၂) ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် အလည်အပတ် သွားရောက်သူများအား သတ်မှတ်နယ်မြေ မကျော်လွန်ပါက ဆီးစစ်ဆေးခြင်း မပြုလုပ်ရန်၊
(၃) နှစ်နိုင်ငံ ( BLO ) အဖွဲ့များ အောက်ခြေအဆင့် အစည်းအဝေးကို နှစ်လတစ်ကြိမ် အလှည့်ကျ စနစ်ဖြင့် ကျင်းပပြုလုပ်သွားရန်၊
စသည်ဖြင့် ဆုံးဖြတ်ခဲ့ကြပြီးနောက် တာချီလိတ်ခရိုင် လ၀က ဒုညွှန်မှူး ဦးကျော်စွာလွင်က လက်ရှိ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ မယ်ဆိုင်မြို့ တာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း နှင့် ဆီးစစ်ဆေးခြင်း ကိစ္စများကို ဆောင်ရွက်စဉ် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို သိမ်းဆည်းခြင်း မပြုလုပ်ရန် ဖြည့်စွက် ပြောကြားခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ နယ်စပ်ဒေသများရှိ ရဲတပ်ဖွဲ့ဝင်များနှင့် BLO အဖွဲ့ဝင်များ အပြန်အလှန် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသနေ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။
သတင်း ။ ။ မောင်ယဉ်ကျေး
ပုံများကိုကြည့်ရန်