ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်တွင် လူကုန်ကူးတားဆီးရေး နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိစေရန်အတွက် ယနေ့ ဒီဇင်ဘာလ (၂၆)ရက် နေ့လယ်ပိုင်းက တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းထွန်း ဦးဆောင်သည့်အဖွဲ့က အသိပညာပေး ဟောပြောခဲ့ကြသည်။
ဟောပြောမှုတွင် တာချီလိတ် လူကုန်တား ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူးရင်ရင်အေးက ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာသံရုံးမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်း အခမဲ့ ထောက်ခံစာကို ရယူနိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လာနိုင်ကြောင်း နှင့် လူကုန်ကူးတားဆီးနိုင်ရန်အတွက် ရဲတပ်ဖွဲ့နှင့်ပြည်သူ ပါဝင်ပေါင်းစည်း၍ လုပ်ဆောင်ပါက ရလဒ်ကောင်းများ ပေါ်ထွက်လာမှာ ဖြစ်ကြောင်း စသည်ဖြင့် လူကုန်ကူးမှုခံရခြင်းနှင့် တားဆီးကာကွယ်ရေးများကို ရှင်းလင်း ဟောပြောသည်။
ဆက်လက်၍ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်သန်းက ဆိုင်ကယ်ခိုးမှုများ လျော့ပါးစေရန် နှင့် ဒုစရိုက်သားကောင်များ လျော့ပါးစေရန်အတွက် အကျယ်တ၀ံ့ရှင်းလင်း ဟောပြောပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ နှင့် စပ်လျဉ်း၍ အမှတ်(၆၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်စိတ်(၂)တာချီလိတ်မှ ရဲအုပ်ကျော်ဇေယျာ က ယာဉ်တိုက်မှု ဓာတ်ပုံများနှင့်တကွ အသိပညာပေးပြီး ဆိုင်ကယ်စီးလျှုင် နေ့ဘက်ဖြစ်စေ ၊ ညဘက်ဖြစ်စေ ဆိုင်ကယ်စီးဦးထုပ်ဆောင်းစေရန် ရှင်းလင်းဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲတွင် ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ် နှင့် ရပ်ကွက်အတွင်းနေ ရပ်ကွက်သားများ နှင့် အငှားဆိုင်ကယ်ပြေးဆွဲသူ(Taxi)များ လာရောက်၍ လေ့လာ မှတ်သားခဲ့ကြသည်။
သတင်း/ဓါတ်ပုံ ။ ။ ဇောင်းညီ
ပုံများကိုကြည့်ရန်