ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဆေးရုံတွင် မိဘနာမည်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များ မှားယွင်း ပေးထားခဲ့ခြင်းကြောင့် (၄၅)ရက်သာရှိသေးသည့် သားကလေးငယ်မှာ မိဘများ ပျောက်ဆုံးနေရာမှ တာချီလိတ် မြို့နယ် အတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မဇ္ဈိမလူမှုကူညီရေးအသင်းနှင့် ဒေသခံ တိုင်းရင်းသားများ၏ ကူညီမှုဖြင့် ကလေးငယ်၏ မိဘများကို ရှာဖွေတွေ့ရှိကြောင်း သိရှိရသည်။
“ကလေးမိဘ နာမည်တွေကို ဆေးရုံမှာ မှတ်တမ်းတင်ခဲ့တုန်းက တစ်မျိုး အခုတွေ့တော့တစ်မျိုးဖြစ် နေတာ အမှန်က ဘာသာစကားမပေါက်တော့ ကြားမှာ နားလည်မှုလွှဲသွားတာပါ”ဟု လောစံရှီရွာ သူကြီး ဦးကျဒိုက ပြောသည်။
ကလေးငယ်အား မွေးဖွားမည့် ရက်မပြည့်ခင် မွေးဖွားခဲ့သဖြင့် ကျန်းမာရေးချို့တဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံမှ ချင်းရိုင်းဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစဉ် မိဘများအား ဆက်သွယ်ရန် လိပ်စာနှင့် နာမည်များ မှတ်တမ်းတင်စေခဲ့ပြီး နေရပ်ပြန်စေပြီး (၁)လကြာမှ ပြန်လာစေခဲ့ရာ မိဘများအား ပတ်ဝန်းကျင်များက ကုသစရိတ်မပေးနိုင်ပါက ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံမှ ဖမ်းဆီးထားနိုင်ကြောင်း ပြောဆိုသဖြင့် ကြောက်ရွံ့ပြီး နေ့စဉ်ငိုကြွေးနေခဲ့ကြောင်း ကလေးမွေးဖွားသည့် မိဘနှစ်ပါးမှာလည်း တောင်ပေါ်တိုင်းရင်းသားများ ဖြစ်သည့်အလျှောက် ဆင်ရဲနွမ်းပါးကာ မသိနားမလည်ခြင်းများကြောင့် ကလေးငယ်အား ပြန်၍လာရောက် မခေါ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော့်ကို တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ဖုန်းဆက်ပြီးလှမ်းအကြောင်းကြား လို့ ကျွန်တော်တို့လည်း သိသိချင်း လောစံရှီးရွာကို စုံစမ်းခိုင်းခဲ့တာ အဲ့မှာတွေ့တော့တာဘဲ အဲ့ဒါနဲ့ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့တာပါ..”ဟု မိုင်းကိုးအုပ်စုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းကတ်ခမ်းမှပြောသည်။
“ကျွန်တော်ဆီဖုန်း လာလာခြင်း ပျော်သွားတာဘဲ ကလေးကို သနားပြီး မိုင်းကိုးအုပ်စုထဲကို ကားတစ်စီးနဲ့ ဖြစ်နိုင်တဲ့ရွာတွေ လိုက်ရှာတာ။ ကလေးမိဘတွေက အသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျတာ သိပ်မကြာသေး ဘူးလေ၊ ဘာမှသိပ်သိတာ မဟုတ်ဘူး ရိုးသားပြီး လူလဲကြောက်တယ် ဗမာစကားလဲ မတတ်ဘူး”ဟု မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေမှ ပြောသည်။
“ပိုက်ဆံမရှိလည်းရပါတယ် ကလေးကို အဖေအမေဆီ ပြန်ရောက်ရင်ဘဲ ၀မ်းသာပါပြီ ကလေးက တကယ် သနားစရာလေးပါ”ဟု ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံမှ ဆရာဝန်မကြီးမှတဆင့် ပြောလာသည်။
“ကျွန်တော့်သမီးကို မတွေ့တာ (၁)လကျော်ပြီ လာခေါ်ချင်ပေမယ့် ကြောက်တာနဲ့ ပိုက်ဆံမရှိတာနဲ့ ဘာမှမတတ်နိုင်ဘူးလေ ကျွန်တော်တို့ တောင်ပေါ်မှာနေတော့ ဘယ်လိုဆက်သွယ်ပြီး ဘယ်သူ့ကို အကူအညီတောင်းရမှန်း မသိဘူး၊ အခုလို ကူညီကြတာ ကျေးဇူးတင်ပါတယ်..”ဟု ကလေးငယ် ဖခင်ဖြစ်သူ ဦးကော့လဲက ပြောရှာသည်။
၂၀၁၄ ဒီဇင်ဘာ(၂၅)တွင် မွေးဖွားရက်မပြည့်ဘဲ မွေးဖွားခဲ့သဖြင့် ပေါင်ချိန်မပြည့်သော ကလေးငယ်အား ဆေးရုံမှ ပြန်လည်၍ မိဘများသို့ ပေးအပ်ခဲ့ကြောင်းသိရှိရပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဆေးရုံတွင် ယင်းသို့ အဖြစ်အပျက်အား (၂၀၁၂)ခုနှစ်တွင် ၀မ်းဗိုက်မှ အူများထွက်၍မွေးဖွားလာသော ကလေးငယ်တစ်ဦးအား ကယ်တင်စောင့်ရှောက်၍ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ယခုလို မိဘများအား ရှာဖွေပေးကာ ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
သတင်း ။ ။