၅၇ ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက် ပြိုင်ပွဲကို ကျိုင်းတုံ၌ ကျင်းပရာ ပြိုင်ပွဲဝင် ၂၅၀ကျော် ၀င်ရောက်ယှဉ်ပြိုင်

၅၇ ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက် ပြိုင်ပွဲကို ကျိုင်းတုံ၌ ကျင်းပရာ ပြိုင်ပွဲဝင် ၂၅၀ကျော် ၀င်ရောက်ယှဉ်ပြိုင်
ဒီဇင်ဘာ 27, 2014
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်း အလှည့်ကျစနစ်ဖြင့် ပြုလုပ်ကျင်းပလာသည့် ကမ္ဘောဇဖလား ဂေါက်သီးရိုက် ပြိုင်ပွဲကြီးကို ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့၊ ရွှေတြိဂံဂေါက်ကလပ်၌  (၅၇)ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အတွင်း ရှမ်း/တောင်၊ ရှမ်း/ရှေ့ နှင့် ရှမ်း/မြောက်တို့မှ ဂေါက်သီးရိုက် အားကစားသမား အမျိုးသား/အမျိုးသမီး စုစုပေါင်း (၂၅၇)ဦးပါဝင်၍ ယှဉ်ပြိုင်ကြပြီး အဆိုပါ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ(၂၇)ရက် နံနက်(၇)နာရီအချိန်က ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ကာ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် က ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲသည် ရှမ်းပြည်နယ်တစ်ခုလုံး၏ အားကစား အဆင့်အတန်းမြင့်မားရေး ကဏ္ဍစုံ အားကစားများ အဆင့်မီစွာ နိုင်ငံတော်အဆင့် ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ပေါ်ထွက်နိုင်ရေးအတွက် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာ စကား ပြောကြားသည်။ 

ပွဲပြိုင်တွင် အငြင်းပွားမှုဆိုင်ရာများ မဖြစ်ပွားစေရေးအတွက် ယခင်က ခုံသမာဓိအဖွဲ့ကို ဒေသတွင်းမှပင် ဆောင်ရွက်ခဲ့သည်ဖြစ်သော်လည်း ယခုပြိုင်ပွဲတွင် ခုံသမာဓိအဖွဲ့ကို မြန်မာနိုင်ငံ ဂေါက်သီးရိုက် အဖွဲ့ချုပ်ကို ဖိတ်ကြား၍ ကြီးကြပ်စောင့်ကြည့်စေပြီး စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်၍ အဖွဲ့ချုပ်၏ စည်းမျဉ်း၊ စည်းကမ်းများဖြင့်သာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြိုင်ပွဲ မကျင်းပမီ ဒီဇင်ဘာလ(၂၆)ရက် ညနေပိုင်းက ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ က ပြောကြားသည်။

မြန်မာနိုင်ငံဂေါက်သီးရိုက် အဖွဲ့ချုပ်အမှုဆောင်၊ ပြိုင်ပွဲကျင်းပရေး ခုံသမာဓိအဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဦးကိုကိုလေး က ပြိုင်ပွဲတွင် စည်းကမ်းသတ်မှတ်ချက်အရ  ဒေသတွင်း ထူးချွန်သည့် အားကစားသမားများ ထွက်ပေါ်လာ စေရန် ရည်ရွယ်သည့်အတွက် ဒေသတွင်း အားကစားသမားများကိုသာ ခွင့်ပြုထားကြောင်း ဒီဇင်ဘာလ(၂၆)ရက်နေ့က ပြောကြားသည်။

ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို ၁၉၅၈ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီး၊ လားရှိုး နှင့် ကျိုင်းတုံမြို့တို့တွင် အလှည့်ကျ တစ်နှစ်စီ လှည့်လည်ပြီး ကျင်းပပြုလုပ်ခဲ့ရာ ယခု ၂၀၁၄ခုနှစ်တွင် ကျိုင်းတုံတွင် ကျင်းပသည်မှာ (၅၇)ကြိမ်မြောက်ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲ ကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့မှ ဒီဇင်ဘာလ (၃၀) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းမှ ဂေါက်သီးရိုက်အားကစားသမား အမျိုးသား (၂၃၄)ဦး နှင့် အမျိုးသမီး (၂၃)ဦး စုစုပေါင်း ၂၅၇ ဦး ပါဝင်ယှဉ်ပြိုင်ကြောင်းသိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ မောင်လွမ်းနောင်(မြင်းခြံ)

ပုံများကိုကြည့်ရန်
၅၇ ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက် ပြိုင်ပွဲကို ကျိုင်းတုံ...

55 photos
 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~