(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ကျင်းပသည့် မြို့နယ်အုပ်ချုပ်ရေးမှူး (ဖလား) စစ်တုရင်ပြိုင်ပွဲကို တာချီလိတ်မြို့နယ်ရှိ မိုးလုံလေလုံ အားကစားရုံတွင် ယနေ့ ဇန်န၀ါရီလ (၁)ရက်နေ့မှ စ၍ ဇန်န၀ါရီလ(၃)ရက်နေ့အထိ နံနက်(၁၀)နာရီခွဲမှ ညနေ(၅)နာရီအချိန်ထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲကို တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ E4 ရွှေ့ကွက်ဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမား (၂၄)ဦး၏ ယှဉ်ပြိုင်မှုများအား ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲသည် အလွတ်တမ်းပွဲ အမျိုးအစားဖြစ်ပြီး ပထမဆု(၇၀၀၀၀ကျပ်)၊ ဒုတိယဆု(၅၀၀၀၀ကျပ်) နှင့် တတိယဆု (၃၀၀၀၀ကျပ်) အသီးသီး ချီးမြှင့်မှာဖြစ်ပြီး ဆုပေးပွဲ အခမ်းအနားကို ဇန်န၀ါရီလ(၄)ရက် လွတ်လပ်ရေးနေ့တွင် ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရသည်။
"မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား)အနေနဲ့တော့ ဒါက ပထမဆုံးအကြိမ်ပဲဗျ၊ နောက်နှစ်တွေလည်း ဆက်လက်ပြုလုပ်ပေးပါလို့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းကို တင်ပြထားပါတယ်.."ဟု ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ဦးနေမျိုးထွေးမှ ပြောကြားသည်။
"တာချီလိတ်မြို့မှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ မလုပ်ဖြစ်တာ (၄)နှစ်လောက်ရှိပါပြီ၊ အခုလို မြို့နယ်အုပ်ချုပ်ရေးမှူးက ကြီးကြပ်ပြုလုပ်ပေးတာကို အထူးကျေးဇူးတင်ပါတယ်၊နောက်နှစ် တွေလည်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် ယှဉ်ပြိုင်ပွဲတွေပါ ပြုလုပ်ပေးစေချင်ပါတယ်၊ ဒါမှ လူငယ်စစ်တုရင် အားကစားသမားတွေ မွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်"ဟု ပြိုင်ပွဲဝင် ကစားသမား တစ်ဦးဖြစ်သူ ကိုမောင်ဇော်မှ ပြောကြားသည်။
"စစ်တုရင် အားကစားကို ကျွန်တော်ကိုယ်တိုင်လည်း ၀ါသနာပါတယ်၊ ကျွန်တော့်အနေနဲ့လည်း အခုလို ကျင်းပပြုလုပ်ပေးနိုင်ခဲ့တာကိုလည်း ၀မ်းမြောက်မိပါတယ်.."ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ ပြောကြားခဲ့သည်။
သတင်း ။ ။ ကိုထွန်း(မိုင်းဖြတ်)
ဓါတ်ပုံ ။ ။ အောင်ကျော်ဝင်းစိန်(ဒီဂျစ်တယ်)