ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် ကျရောက်သည်ဖြစ်သော (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့၌ ရိုးရာ အားကစားနည်းများဖြင့် မြို့မအားကစားကွင်းတွင် နံနက်(၈း၃၀)နာရီမှစ၍ နေ့လယ်ပိုင်း အချိန်ထိ ပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ အများအပြား လာရောက်၍ ဆင်နွှဲခဲ့ကြတာကို တွေ့ရှိရသည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကို လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်၊ သံလုံးပစ်၊ အလျားခုန်/အမြင့်ခုန်၊ မီတာတို/ရှည် အပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်/သုံးချောင်းထောက်၊ အာလူးကောက်/မုန့်စား စသည့် ရိုးရာ အားကစားနည်းများဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။
ယနေ့ ကျင်းပပြုလုပ်သည့် ပျော်ပွဲရွှင်ပွဲ အားကစားပွဲတွင် ပြိုင်ပွဲတစ်လျှောက် ထိခိုက်ဒဏ်ရာ မရရှိစေရေးနှင့် စနစ်တကျဖြစ်စေရေးအတွက် အား/ကာမှ တာဝန်ရှိသူများနှင့် ဒိုင်အဖွဲ့ဝင်များ အပါအ၀င် ကြက်ခြေနီအဖွဲ့ဝင်များက အနီးကပ် ကြီးကြပ်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ လာရောက် အားပေးခဲ့ပြီး ပြိုင်ပွဲအသီးသီးတို့တွင် ဆုများရရှိသည့် ပြိုင်ပွဲဝင် ကလေးသူငယ်များကို တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးသန္တာကျော် စသည့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။