နမ့်ခမ်း၌ ကျပ် (၁၇၅)သိန်းကျော် တန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိ

နမ့်ခမ်း၌ ကျပ် (၁၇၅)သိန်းကျော် တန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိ
ဇန်နဝါရီ 17, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသ၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ဇန်န၀ါရီလ (၁၅)ရက်နေ့ ညနေ(၅)နာရီ အချိန်ခန့်က ကျပ်(၁၇၅)သိန်းကျော် တန်ဖိုးရှိသည့် ဘိန်းဆီခဲများကို မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း အဆိုပါ မူးယစ်တပ်ဖွဲ့မှ သတင်းရရှိသည်။

နမ့်ခမ်း - ၁၂မိုင် သွားကားလမ်း၊ နမ့်ခမ်းမြို့အ၀င် စခန်းသစ်ကုန်း အနီးတွင် မူးယစ်ဆေးဝါးသတင်းအရ  မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များ နှင့် တပ်မဌာနချုပ်(၈၈)မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့ စောင့်ဆိုင်းနေကြစဉ်မှာ နမ့်ခမ်းဘက်မှ (၁၂)မိုင် စုစည်းရွာဘက်သို့ ဟူတက်မြင့်(ကျား) မောင်းနှင်ပြီး ယာဉ်ရှေ့ခန်းတွင် ကျောင်ရှင်းဝမ်း(ကျား) လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာမှ ဘိန်းဆီခဲများကို ရှာဖွေသိမ်းဆည်း ရမိတာဖြစ်ကြောင်း ပူးပေါင်းအဖွဲ့မှ သိရသည်။

"မော်တော်ယာဉ်ရဲ့ ဒက်ဘုတ်တူးဘောက်အတွင်းမှာ ပလပ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ ဘိန်းဆီခဲ တစ်ထုတ်ကို ရှာတွေ့တယ်၊ အလေးချိန်က (၃.၅)ကီလိုခန့်ရှိတာဆိုတော့ ဒေသပေါက်ဈေးနဲ့ဆိုရင် ကျပ်(၁၇၅)သိန်းကျော် ရှိပါတယ်..၊ ဒီဘိန်းဆီခဲတွေကို သယ်ဆောင်လာသူ နှစ်ယောက်လုံးကို နမ့်ခမ်းမြို့မ ရဲစခန်းမှာ မယ(ပ)၅/၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်ဆောင်ရွက်ထားပါတယ်.."ဟု အဆိုပါ မူးယစ်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ဘိန်းဆီခဲများကို သယ်ဆောင်လာသူ နှစ်ဦးက"ယခု ဖမ်းဆီးသိမ်းဆည်းခံရသော ဘိန်းဆီခဲများကို အခြားနေရာသို့ အခကြေးငွေယူ၍ ပို့ဆောင်ပေးရန်အတွက် သယ်ဆောင်လာရာမှ နမ့်ခမ်းမြို့အထွက် စခန်းသစ်ကုန်းအနီး အရောက်မှာ ယခုလို ဖမ်းဆီးခြင်းခံရတာဖြစ်ကြောင်း"ထွက်ဆိုသည်ကို မူးယစ်တပ်ဖွဲ့မှတ်တမ်းအရ သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~ ကြော်ငြာ ~~~~~~~~~