ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွက်ခိုင်မြို့တွင် ဘိန်းဖြူများ ထည့်ထားသည့် ဆပ်ပြာခွက်များကို သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိကြောင်းသိရသည်။
မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ ကွက်ခိုင်လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကောင်းခါးမြို့သစ်ဘက်မှ ကွတ်ခိုင် ဘက်သို့ အမျိုးသမီး(၂)ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ (၂)ဦးကြားတွင် တင်ဆောင် လာသော FUJI APPLE စာတန်းပါ စက္ကူဂျပ်ဖာအတွင်းမှ ကြွပ်ကြွပ်အိတ်၊ တိပ်တို့ဖြင့် ထုပ်ပိုးထားသည့် ရောင်စုံဆပ်ပြာခွက်များအတွင်းထည့်လျက် (၁)ခွက်လျှင် ဘိန်းဖြူမှုန့် အလေးချိန် (၁၂)ဂရမ်ခန့်စီပါ (၄၄)ခွက်၊ စုစုပေါင်း ဘိန်းဖြူမှုန့်အလေးချိန်(၅၂၈)ဂရမ်ခန့် (ဒေသပေါက်ဈေး ဘိန်းဖြူ တန်ဖိုးငွေကျပ် ၁၀၅.၆ သိန်း)အား ရှာဖွေတွေ့ရှိသဖြင့် သိမ်းဆည်းဖမ်းဆီးထားရှိပြီး အမှုကွင်းဆက်အား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးမိသည့် တရားခံ(၂)ဦးနှင့် အမှုကွင်းဆက် တရားခံ(၁)ဦး အားလုံးပေါင်း (၃)ဦးဖြစ်ကြောင်း အမှုကွင်းဆက်တရားခံမှာ နေရပ်လိပ်စာအတိအကျ မသိရှိခြင်းကြောင့် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းနှင့် တရားခံများအား ကွတ်ခိုင်မြို့မရဲစခန်းတွင် မယ(ပ) ၁၅/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် လှစ်ထားကြောင်း မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။