၂၀၁၅ - ၂၀၁၆ခု ဘဏ္ဍာရေးနှစ်အတွက် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ် အခွင့်အရေး လိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချမှုကို ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နံနက်(၉)နာရီ အချိန်က ဒုတိယအကြိမ် လေလံရောင်းချမှုအဖြစ် တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးတွင် ပြုလုပ်ရာ အပေါင်ဆိုင်(၁)ဆိုင် နှင့် ဈေးကောက် (၁)နေရာတို့အတွက် ဈေးပြိုင်လေလံ ရောင်းချခဲ့ကြသည်။
ယနေ့ပြုလုပ်သော ဈေးပြိုင်လေလံတင်ရောင်းမှုတွင် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ဆန်ဆိုင်း(က) အပေါင်ဆိုင်(၁) နှင့် ဖန်မင်ဈေးကောက် နေရာတို့အတွက် ရောင်းချတာဖြစ်သည်။
ဆန်ဆိုင်း(က) အပေါင်ဆိုင်(၁)အား ကြမ်းခင်းဈေး ကျပ်(၅)သိန်းဖြင့် စတင် လေလံတင်ရောင်းချရာတွင် ဦးဌေးဝင်း နှင့် ဒေါ်နန်းကျန်ရှဲန် တို့မှ ဈေးပြိုင်ဝယ်ယူရာ ကြမ်းခင်းဈေး ကျပ်(၅)သိန်းမှ ကျပ်(၂၃)သိန်းအထိ တိုးမြှင့်လာရာမှ ဒေါ်နန်းကျန်ရှဲန်မှာ ဆန်ဆိုင်း(က)အပေါင်ဆိုင်(၁)အား တစ်နှစ်တာအတွက် လုပ်ကိုင်ခွင့် ရရှိသွားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဖန်မင်ဈေးအတွက် ဈေးကောက်နေရာကို လေလံတင်ရောင်းချရာ မူလလုပ်ကိုင်သူဖြစ်သူ ဒေါ်နန်းမိမိအေးမှ ကြမ်းခင်းဈေး(၅၄၀၀၀၀)မှ ကျပ်(၅၅၀၀၀၀)ဖြင့် တစ်နှစ်တာအတွက် ထပ်မံ၍ လုပ်ကိုင်ခွင့် ရရှိသွားခဲ့သည်။
ယနေ့ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ လေလံတင်ရောင်းချလိုက်သော လုပ်ငန်းများသည် ၂၀၁၅ - ၂၀၁၆ခု ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၅ခုနှစ် ဧပြီလ(၁)ရက်နေ့မှ ၂၀၁၆ခုနှစ် မတ်လ(၃၁)ရက်နေ့အထိ (၁)နှစ်တာ ကာလအပိုင်းအခြားဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိမှာ ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီမှ သိရသည်။
“ဒီမြို့နယ်စည်ပင် လူကြီးလက်ထက်မှာ လေလံပွဲတွေက ပွင့်လင်းမြင်သာပါတယ်၊ ပြီးတော့ ဈေးတွေတက်သွားပြီး နိုင်ငံတော်အခွန်လဲပိုရတာပေါ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းတွေပါဘဲ”ဟု ဒေသခံတစ်ဦးမှပြောသည်။
“လေလံဈေးပြိုင်မှာ အရင်လူတွေဘဲရသွားတာပါ၊ ဒါပေမယ့် ဒီနှစ်လေလံပြိုင်ပွဲတွေက နိုင်ငံတော်အခွန်ပိုရတယ် ဈေးပြိုင်စနစ်နဲ့ အကြိတ်အနယ်ဆိုတော့ ဈေးတွေတက်သွားတာ”ဟု လေလံပွဲသို့ သွားရောက်လေ့လာသူ ကိုလင်းလင်းမှပြောသည်။
ဒုတိယအကြိမ်အဖြစ် လေလံတင်ရောင်းချရာတွင် လေလံရောင်းချရေးအဖွဲ့အဖြစ် မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်နှင့် တာဝန်ခံ အင်ဂျင်နီယာ (အင်ဂျင်နီယာမှူး) ဦးလှမျိုးနှင့် ကော်မတီဝင်များက ရောင်းချပြီး မြို့နယ်လေလံရောင်းချရေးကြီးကြပ်မှု အဖွဲ့အနေဖြင့် မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် ဦးထိန်မင်းနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတို့မှ ကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။
ဒုတိယအကြိမ်အဖြစ် လေလံတင်ရောင်းချရာထဲတွင် တာလော့ဈေးနှင့် ပတ်သက်၍ ဈေးယာဉ်စောင့်လုပ်ငန်း၊ ပျံကျဈေးကောက်လုပ်ငန်း နှင့် ဈေးရေအိမ်လုပ်ငန်းတို့အတွက် လေလံခေါ်ယူထားသော်လည်း ထပ်မံဝယ်ယူရန် လေလံစာရင်းပေးသွင်းလာခြင်း မရှိသေးသည့်အတွက် တတိယအကြိမ်အဖြစ် အဆိုပါနေရာ အတွက် ထပ်မံ၍ စည်ပင်သာယာရေးကော်မတီမှ လေလံတင်ရောင်းချသွားမှာ ဖြစ်ကြောင်း သိရသည်။
ပုံများကိုကြည့်ရန်